“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 14, 2024

“၆၁ သိန်းနား တဝဲလည်လည်”

 

ပြည်တွင်းရွှေဈေးကွက်အတွင်း အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်ဈေးနှုန်းတွေဟာ နိုဝင်ဘာ နောက်ဆုံးပတ်ကစလို့ တစ်ကျပ်သား ၆၁ သိန်းကျပ်ဈေးနှုန်းနားတဝိုက်ဖြစ်ပေါ်နေတာမှာ ဒီတစ်ပတ်မှာလည်း သုံးပတ်ဆက်အနေနဲ့ အဲဒီဈေးနှုန်းနား တဝဲလည်လည်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

 

ဒီတစ်ပတ်တာအတွင်း အဖွင့်နေ့ တနင်္လာမနက်မှာ အမြင့်ဈေး ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၁ သိန်းလေးသောင်းနဲ့ဖွင့်ခဲ့ပေမဲ့ ညနေပိုင်းမှာ ကျပ် ၆၁ သိန်းတစ်သောင်းနဲ့ ပြန်ပိတ်ခဲ့ပါတယ်။

 

အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တစ်ကျပ်သား ၆၂ သိန်းကျပ်အထိမြှင့်တင်ဖွင့်လှစ်ခဲ့ပေမဲ့ စနေနေ့မှာတော့ တစ်ကျပ်သား ၆၁ သိန်းကို ပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။

 

တစ်ပတ်အတွင်း အကယ်ဒမီမီးလင်းရွှေဈေးကို နှိုင်းယှဉ်မယ်ဆိုပါက ၁၆ ပဲရည်တစ်ကျပ်သားကို လေးသောင်းကျပ်ကျဆင်းသွားပါတယ်။

 

ဒါပေမဲ့ ဒီတစ်ပတ်အတွင်း စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးနှုန်းတွေကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်တစ်သိန်းလောက်အထိ မြင့်တက်သွားပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲမှာတော့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၇၀၀ ကျော်အထိ မြင့်တက်ခဲ့ပေမဲ့ စနေနေ့မှာတော့ တနင်္လာနေ့ဈေးကလိုပဲ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၆၄၉ နီးပါးဈေးနဲ့ ပြန်ပိတ်သွားတာတွေ့ရပါတယ်။

 

စနေနေ့ ရွှေဈေးနှုန်းတွေကတော့ ၁၅ ပဲရည် တစ်ကျပ်သား ၅၇ သိန်း လေးသောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းကျပ်၊ YGEA ရည်ညွှန်းဈေး တစ်ကျပ်သား ကျပ် ၅၄ သိန်းဈေးဖြစ်တယ်လို့ သိရပါတယ်။

 

 

Source – Myanmar Market Price