“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇူလိုင်လ ၇ မှ ဇူလိုင် ၁၃ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 13, 2024

“မြင့်သထက်မြင့်အောင် တက်နေတဲ့ နိုင်ငံခြားငွေ”

 

ပြီးခဲ့တဲ့အပတ်က အမြင့်ဘက်ကို ဆက်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းဟာ ဒီတစ်ပတ်မှာတော့ ပိုမို တက်လာတာကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ထိုးကျနေတဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။

 

ဒေါ်လာအမျိုးအစား ဖြစ်တဲ့ အမေရိကန် ဒေါ်လာနဲ့ စင်ကာပူ ဒေါ်လာ အမျိုးအစားတို့ဟာ တက်နှုန်းအများဆုံး မြင့်တက်ခဲ့ပြီး အလားတူ ထိုင်းဘတ်၊ မလေးရှား ရင်းဂစ်၊ တရုတ် ယွမ်ငွေနဲ့ ဂျပန် ယမ်းငွေ တို့ပါ သိသိသာသာ မြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီတစ်ပတ်မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို ၂၉၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ထိုင်းတစ်ဘတ် ၁၃ ကျပ်ကျော်၊ ဂျပန်ယမ်း‌ငွေ တစ်ယမ်းကို ၃ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၅ ကျပ်နဲ့ တရုတ်ယွမ်ငွေက ၆၃ ကျပ်အထိ မြင့်တက်လာတာတဲ့အတွက် စံချိန်တင်မြင့်တက်လာတဲ့ သီတင်းပတ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

 

စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက နေပြည်တော်မှာ ဘဏ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကာ ဘဏ်တွေအနေနဲ့ လွတ်လပ်စွာဆောင်ရွက်နိုင်တယ် ဆိုပေမယ့် သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်တာဟာ နိုင်ငံရဲ့စည်းပွားရေးမူဝါဒတွေကို ထိပါးလာတာကြောင့် ဘဏ်တွေကို စစ်ကောင်စီက ကြီးကြပ်နေတာဖြစ်တယ်လို့ အခုအပတ် ဇူလိုင် ၁၁ ရက်နေ့ကပြောဆိုခဲ့ပါသေးတယ်။

 

လက်ရှိမှာတော့ ဘဏ်တွေမှာရှိတဲ့ ငွေတွေကို ထုတ်ယူသူတွေများပြားလာပြီး ဘဏ်တွေမှာ အကန့်အသတ်နဲ့ ငွေထုတ်ပေးနေရတာမျိုးတွေဖြစ်လာကာ K Pay ၊ Wave Pay တွေလည်း ထုတ်ယူသူများပြားလာတာကြောင့် အေ့ဂျင့်ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ထုတ်ပေးတာ၊ ရာခိုင်နှုန်းရယူပြီး ထုတ်ပေးတာတွေ ဖြစ်လာခဲ့ပါတယ်။

 

ဇူလိုင်လ ၁၃ ရက် စနေနေ့ အတွက် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်း ကတော့ အမေရိကန်တစ်ဒေါ်လာ ၄၉၇၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၇၂၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၄၀ ကျပ်၊ ဂျပန် တစ်ယမ်း ၃၂ ကျပ်ကျော်၊ မလေးရှား တစ်ရင်းဂစ် ၁၀၈၉ ကျပ်နဲ့ တရုတ်တစ်ယွမ် ၇၀၁ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။