ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ

Author CJ Platform
Categories
Published on Nov 14, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းထဲက မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ ထံက သိရပါတယ်။

မောတောင်မြို့ကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက်အစောပိုင်း မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာ တနင်္သာရီတိုင်းထဲ ပထမဆုံး သိမ်းယူနိုင်ခဲ့တဲ့ မြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့မှာ စစ်အုပ်စု အမှတ် ၂၂၄ ခြေလျင်တပ်ရင်းနဲ့ အမြောက်ကုန်းတစ်ခု ရှိနေပြီး စစ်အုပ်စု လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့တွေ ရှိနေတာလည်း ဖြစ်ပါတယ်။

“တနင်္သာရီတိုင်းရဲ့ ပထမဆုံး သိမ်းပိုက်ရမိတဲ့မြို့ လို့ပဲ ပြောရမယ်။ အခြေအနေ အသေးစိတ်ကိုတော့ တပ်ပေါင်းစုကပဲ သတင်းထုတ်ပါလိမ့်မယ်” လို့ မြိတ်ခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

မောတောင်နယ်စပ်ဂိတ်ဟာ နေ့စဉ်ပျမ်းမျှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆ သောင်းခန့် ရှိပြီး အာဏာသိမ်း ၅ နှစ်တာကာလ စစ်အုပ်စုက တောက်လျှောက် ထိန်းချုပ်ခဲ့တဲ့ မောတောင်မြို့ကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ် သိမ်းယူနိုင်ခဲ့တာပါ။

 

အခုနှစ် ဩဂုတ်လအတွင်း ကရင်ပြည်နဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာ အမှတ် ၂ တံတားကို စစ်အုပ်စုက ပိတ်ထားခဲ့ချိန် ထိုင်း-မြန်မာ နှစ်ဖက်အာဏာပိုင်တွေ ညှိနှိုင်းမှုအတွင်း တနင်္သာရီတိုင်းထဲက နယ်စပ်ဂိတ်တွေကို အသုံးပြုဖို့ စစ်အုပ်စုဘက်က ပြောဆိုခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း မောတောင်-ထုံခလမ်းပိုင်း ထုံခလမ်းခွဲနဲ့ ချောင်းနှစ်ပေါက်ရွာ အနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

 

မြို့သိမ်းတိုက်ပွဲ ၄ ရက်တာကာလအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးကလည်း နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – ကိုတင်လင်းအောင်၊ မောင်ဆောင်းခ