“ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ရှမ်းတောင်၊ ကရင်နီနဲ့ တနင်္သာရီတို့မှာ နေရာကွက် မိုးရွာနိုင်

Published on Nov 14, 2024

“ညအပူချိန်”

 

ရန်ကုန်နဲ့ မန္တလေးတို့မှာ နေ့အပူချိန် မြင့်တက်နေပြီး မန္တလေးမှာ ညအပူချိန်ဆက်လက်လျော့ကျကာ အအေးပိုလာနိုင်ပေမဲ့ ရန်ကုန်မှာတော့ ညအပူချိန်မလျော့ကျနိုင်သေးတာကြောင့် မအေးနိုင်သေးဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ရှမ်းပြည်မှာတော့ နေ့/ည အပူချိန်တွေ ဆက်လက်လျော့ကျနေပြီး ညပိုင်းအပူချိန်တွေ ဆက်လက်ကျဆင်းကာ အအေးပိုနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

 

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျား မိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း တိုရဂျီ (TORAJI)ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

 

တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။