ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်ထောင်က ပြန်လွတ်လာ

Author လဂွန်းအိမ်
Categories
Published on Nov 14, 2024

အင်းစိန်အကျဉ်းထောင်မှာ ထောင်သုံးနှစ်ချမှတ်ခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်းဟာ လွတ်ရက်စေ့နဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

 

ကိုကျော်စွာထွန်းကို သင်္ကန်းကျွန်းရဲစခန်းကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်နဲ့ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရကာ ပြန်လွတ်ချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

 

“လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းမိတ်ဆွေတွေ အများကြီးကျန်ခဲ့တယ်။ သူတို့ကိုလည်း အမြန်ဆုံးလွတ်စေချင်ပါတယ်”လို့ ကိုကျော်စွာထွန်းက CJ Platform ကို ပြောပါတယ်။

 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ကျခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ ကလေးသူငယ်တရားရုံးက အမိန့်ချထားခဲ့သူ တစ်ဦးတို့လည်း အတူပြန်လွတ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

အင်းစိန်ထောင်အတွင်း သာမန်လျှော့ရက်အပြင် ပြီးခဲ့တဲ့ ဧပြီလက လျှော့ရက် နှစ်လ စစ်ကောင်စီက ပေးခဲ့တာကြောင့် ဒီကနေ့မှာ လွတ်ရက်စေ့နဲ့ ပြန်လွတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း ပြန်လွတ်မြောက်လာတဲ့အပေါ် သူ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ကြိုဆိုဝမ်းသာနေကြပါတယ်။

 

“သူလွတ်တယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ လွတ်ရက်စေ့တဲ့နေ့က မလွတ်လာလို့ စိတ်ပူမိသေးပါတယ်။ အခုအပြင်လွတ်လာလို့ အတိုင်းမသိ ၀မ်းသာရပါတယ်”လို့ သူရဲ့ မိတ်ဆွေ သတင်းသမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး သတင်းသမား အယောက် ၆၀ နဲ့ သတင်းမီဒီယာဝန်ထမ်း သုံးဦး ဖမ်းဆီးခံထားရတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) ရဲ့ နိုဝင်ဘာ ၁၄ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၆၇၆ ဦး ရှိပြီး ၂၁,၁၂၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၉,၅၂၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။