Give and Take
မတ် ၁၂ ရက် RFA သတင်းတစ်ပုဒ်မှာ “ပြည်တွင်းစစ် ငြိမ်းချမ်းမယ်ဆို စစ်တပ်နဲ့ စကားပြောမည်ဟု တရုတ်ကို ပြောကြောင်း” KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောကြားလို့ တွေ့ရပါတယ်။
KIA အနေနဲ့ ဒီစကားပဲ ပြောရမှာပါပဲ။ ကချင်မှာ Politics Negotiator ကောင်းတွေ ရှိပါတယ်။ ဘာကြောင့်နဲ့ ဘာလို့လဲဆိုတာကို သူတို့ အဖြေညှိနိုင်ကြပါတယ်။ KIA ဟာ ၂၀၂၁ နွေဦးမှာ သိပ်ဝန်ပိတဲ့ EROs ပါ။ “ငဲ့စရာရှိရင် အမြင့်မရောက်ဘူး” ဆိုတဲ့ စကားပုံလို အလွတ်ကြီး ယူလို့ရတဲ့ Give and take နိုင်ငံရေးကို မယူခဲ့ကြပါဘူး။ ဗမာတပ်တွေ သိပ်ငဲ့ခဲ့လို့ပါ။ NUG ကို ထိန်းကွပ်ပေးနေတာလည်း KIA ပါ။ KIA အရွေ့ကြောင့်လည်း တရုတ်က KIA ကို အမြဲဦးချိုးဖို့ ကြိုးစားနေတာပါ။ KIA ရဲ့ ဝန်ထုပ်ကို မျှထမ်းဖို့ဆို အလယ်ပိုင်းက အရေးကြီးကဏ္ဍက ပါဝင်ပါတယ်။
အလယ်ပိုင်းဟာ NUG အနေနဲ့ ဘယ်လိုမှ စုစည်းပေးလို့ မရသလို KIA ဆင်းညှိပေးရင်တောင် မရပါ။ ဒါ အရှိတရားပါပဲ။ ကျွန်တော်တို့အနေနဲ့ Politics Negotiator တွေရော၊ မြေပြင်က လူငယ်တွေရော၊ Local တပ်တွေရော၊ ဒေသန္တရအုပ်ချုပ်ရေး လုပ်မယ့် Unit အစိုးရတွေပါ စုပေါင်းပြီး ထားဝယ် Local တပ်တွေ စုပေါင်းတပ်ပေါင်းစု ဖွဲ့သွားတာမျိုးကို စုပေါင်းဆောင်ရွက်ပေးရပါမယ်၊ ရန်စောင်နေလို့ အပိုပါပဲ။
ဘာမတူတာလဲထက် ဘာတူညီနေလဲဆိုတဲ့ ဘုံသဘောတူညီမှုကို အမြန်အဖြေရှာပြီး ဉာဏ်ရည်တူလူတွေ စုပြီး စစ်ကိုင်း-မကွေးကို အမြန်တပ်ပေါင်းစု ဖွဲ့နိုင်မယ်၊ ပကဖ၊ ပအဖ၊ ပလဖ တပ်တွေကို တပ်ပုံကျအောင် ပြန်တည်ဆောက် စုစည်းကျစ်လျစ်စေမယ်ဆို ၂၀၂၇ မှာ အလယ်ပိုင်းကို စစ်ကောင်စီလေယာဉ်ကလွဲလို့ မြေပြင်ထိုးစစ် ရပ်တန့်ထားနိုင်မည် ဖြစ်တယ်။
စစ်တပ်ဝါဒဖြန့် Telegram တွေအရ လက်ရှိ တကောင်းမြို့စစ်ပွဲမှာ NUG အနေနဲ့ အင်အား တစ်ထောင် ခုခံစစ်ဖြစ်ကြောင်း၊ စစ်တပ်က အင်အား သုံးထောင်သုံးကြောင်း ရေးသားထားပြီး PDF တွေ အင်အားအလုံအလောက် ဖြည့်တင်းနိုင်ခြင်းမရှိကြောင်း၊ ဖြတ်တောက်ရေး တာဝန်ယူတဲ့ ပကဖ၊ ပလဖ၊ ပအဖ တပ်တွေဟာ တပ်ပုံမကျသေးဘဲ လိုအပ်သလောက် မလုပ်ဆောင် မဖြတ်တောက်နိုင်ကြောင်း အားနည်းချက်တွေ ရေးသားထားကြပါတယ်။ NUG အနေနဲ့ အင်အား ၁,၀၀၀ ခုခံစစ်ဆိုသော်လည်း ၇၀၀ ကျော်လောက်သာ ရှိမယ်လို့ သုံးသပ်ထားကြပါတယ်။
တကောင်းမြို့ပွဲဟာ စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက် ကြီးကြီးမားမား မရှိတာ တွေ့ရပြီး မိမိတို့ တော်လှန်ရေးတပ်တွေမှာလည်း အားနည်းချက်များစွာ ရှိနေကြောင်း သက်သေပြနေပါတယ်။ ပြင်ဆင်၊ စုဖွဲ့မှုတွေဟာ စစ်ရေးအရရော နိုင်ငံရေးချိန်ခွင်လျှာကိုပါ အတွန်းအတိုက် လုပ်နိုင်တာ တွေ့ရပါတယ်။ လက်ရှိအနေအထားအရ မိမိတို့ဘက်က ခြေကုပ်စိုးမိုးနယ်မြေတွေ လက်လွှတ်ရပေမယ့် ကြီးမားလှတဲ့ အရှုံးတော့ မတွေ့ရသေးပါ။ စစ်ကောင်စီအနေနဲ့လည်း ထိုးစစ်ဆက်ရှိနေရုံကလွဲ များများစားစား လုပ်နိုင်တာ မတွေ့ရသေးပါ။ မိမိတို့ဘက်က လက်ရှိအနေအထားတိုင်း ဆက်ထိန်းညှိပြီး SRA ထက်ကြီးတဲ့ တပ်ပေါင်းစုကို အလျင်အမြန် အကောင်အထည်ဖော်ပေးရမည် ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိပြီး လုပ်နိုင်တာကလည်း NUG ပါပဲ။
နောက်ထပ် ဗိုလ်မှူးကြီးနော်ဘူ ပြောသလို တစ်ဖွဲ့ချင်း စကားပြောမယ်ဆို လက်မခံဘူးဆိုတာ ပါပါတယ်။ နိုင်ငံရေးအခင်းအကျင်း တစ်ရပ်အနေနဲ့ မြင်မယ်ဆို ဒီစကားက အင်မတန်အရေးပါပြီး ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်နေပါတယ်။ လက်ရှိ NUG အနေအထားအရ မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်နေခြင်းများ တွေ့ရပါတယ်။ တာဝန်အသီးသီးယူထားတဲ့ ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေဟာ သူတို့ပေးတဲ့ဆေးက လူထုနဲ့ မတည့်မှန်း သိနေသင့်ပါတယ်။
လူ့အဖွဲ့အစည်းမှာ အလုပ်တစ်ခုလုပ်တိုင်း ပညာရှင်ဆန်သင့်ပါတယ်။ ပညာရှင်ဆန်သူတွေကလည်း တာဝန်သိခြင်း၊ တာဝန်ယူနိုင်ခြင်း၊ တာဝန်ထမ်းဆောင်နိုင်ခြင်းစတဲ့ အရည်အသွေးကောင်းတွေ ရှိတတ်ကြပါတယ်။ NUG ဟာ ပေါ်လာတဲ့ လေလှိုင်းနောက်လိုက်ရင်း သူစင်တင်ပေးတဲ့ မင်းသားများစွာရဲ့ အသည်းခွဲခြင်း ခံနေရတဲ့ ဇာတ်ပိုင်ကြီး ဖြစ်လို့နေတာ တွေ့ရပါတယ်။
အလယ်ပိုင်းဒေသဟာ တစ်နိုင်ငံလုံးအတွက် ပြည်တွင်းစစ် ငြိမ်းသတ်ပေးမယ့် ဒေသနဲ့ အာဏာရပ်ဝန်း ဖြစ်နေတာ တွေ့ရပါတယ်။ ဒီဒေသတွေကို စုစည်းပြီး တပ်ပေါင်းစုဖွဲ့ခြင်းဟာ NUG အတွက် နိုင်ငံရေးဂုဏ်သိက္ခာ ဆည်နိုင်ခြင်း၊ အာဏာအပြည့်အဝ ကိုင်ဆောင်ပြီး EROs များနဲ့ Give and take ဆွေးနွေးညှိနှိုင်းကာ စစ်ကောင်စီရဲ့အာဏာကို အပြီးတိုင် ချုပ်ငြိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
အာဏာဟာ လူထုကြားပဲ တည်ရှိပါတယ်။ လူထုကြားက အာဏာကို လူထုထဲက ရှိသူကသာ ရရှိနိုင်တာ ဖြစ်ပါတယ်။ လူထုကို စစ်တမ်းကောက်မည်ဆိုပါက စစ်ကောင်စီနဲ့ NUG ၊ NUG နဲ့ EROs တွေကို မည်သူ ဦးဆောင်စေမည်လဲဆို AA က ပထမနေရာကရှိပြီး KIA က ဒုတိယ၊ NUG က တတိယနေရာ ရှိပါတယ်။ လက်ရှိ မြေပြင်အနေအထားမှာ NUG ကို Mandate ပေးနေကြဆဲ ဖြစ်ပါတယ်။ Peace maker ဖြစ်နေနိုင်တာ NUG ကလွဲပြီး မည်သူမှ မရှိပါ။ ပထမနေရာနဲ့ ဒုတိယနေရာက လက်နက်ကိုင်တပ်တွေ ဖြစ်လို့ပါပဲ။ လက်နက်ကိုင်တပ်ချင်း စကားပြောကြတာဟာ နယ်မြေလုပွဲ၊ အာဏာချိန်ခွင်လျှာ ကစားခြင်းသက်သက်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့ကသာ ငြိမ်းချမ်းရေးစကားလုံးကို သုံးနိုင်ခွင့်နဲ့ ရယူနိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။
မြေပြင်လူထု သဘောထားနဲ့ အဟပ်ကွာလှတဲ့ NUG ဟာ အောက်ခြေလူထု တည်ဆောက်ပေးထားတဲ့ အာဏာရပ်ဝန်းကို မဆုပ်ကိုင်နိုင်တဲ့အပြင် အာဏာတည်ဆောက်ပေးထားတဲ့ Local PDF တွေအပေါ် အမြင်မကျယ်ခြင်း၊ ရင်ဘတ်ကျယ်ကျယ် မထားခြင်းဟာ NUG ရဲ့ အာဏာရပ်ဝန်းကိုရော၊ တော်လှန်ရေးအပေါ်ရော သက်ရောက်စေပါလိမ့်မယ်။ NUG အနေနဲ့ လက်နက်နဲ့ လူအင်အားအပြင် နိုင်ငံရေးအဖွဲ့အစည်း၊ Unit အစိုးရ ဒေသန္တရ Local ခေါင်းဆောင်တွေကို တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ထမ်းဆောင်စေခြင်း၊ အာဏာ Check and balance လုပ်ဖို့ အချိန်ကောင်း ရောက်နေပြီ ဖြစ်ပါတယ်။ “ငါတကော ကော” ခြင်းနဲ့ ခံစားချက်နောက် မလိုက်ပါကြဖို့ လိုအပ်ပါတယ်။ ပညာရှင်ဆန်တဲ့ လုပ်ရပ်၊ အတွေးအခေါ်ကို အမြန်ထူထောင်သင့်ပါတယ်။
မန္တလေးတိုင်းဟာ နိုင်ငံရေးလုပ်ကွက်အရ ကျန်တိုင်းတွေထက် ရှေ့ပြေးလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပြီး စစ်ရေးအရ အဆုတ်အတက် နှေးနေဦးမည် ဖြစ်ပါတယ်။ မန္တလေးရဲ့ စစ်ရေးဟာ ကသုံးလုံးရဲ့ စစ်ရေးအပေါ် အများကြီး မူတည်နေပြန်ပါတယ်။ မန္တလေးအနေနဲ့ အခုလိုချိန်ခါမှာ နိုင်ငံရေးအဖွဲ့အစည်းကို ပိုမိုကျစ်လျစ်အောင် လုပ်ထားပြီး စစ်ရေးကိုတော့ NUG စစ်ကိုင်းတိုင်းအထက်ပိုင်း KIA ပူးတွဲစစ်နဲ့အတူ Mandate အတိုင်း ရှိပါစေ။
ကျွန်တော်တို့ ပါးနပ်ကြရင် တိုင်းရင်းသားတွေနဲ့ Give and take အမြန်ဖြစ်လာပြီး စစ်ပွဲလည်း အမြန်ချုပ်ငြိမ်းမည်ဖြစ်သလို စစ်ကောင်စီကိုလည်း အပြီးတိုင် ဖြုတ်ချနိုင်မည် ဖြစ်တယ်။
ဒါကြောင့် ဘယ်နေရာက တော်လှန်ရေးကို ပါဝင်သည်ဖြစ်စေ တော်လှန်ရေးမိသားစုတွေ အချင်းချင်း လေးစားကြပါ။ ကူညီကြပါ။ စုပေါင်းဆောင်ရွက်ကြဖို့ စိုင်းပြင်းပါ။ မုန်တိုင်းမလာခင် ကြိုပြင်ဆင်မှ အထိခိုက် နည်းပါမည်။
