မြိုင်မှာ စစ်အုပ်စု စစ်ကြောင်းက ပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေ  

Author CJ Platform
Categories
Published on Nov 13, 2025

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုက နိုဝင်ဘာ ပထမပတ်ကတည်းက စတင် စစ်ကြောင်းထိုး ဝင်ရောက်လာကာ နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သလို အကြောင်းမဲ့ ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက နှစ်ဦးကို သတ်ဖြတ်တာတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြေးရှောင်နေကြရတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း မြိုင်မြို့နယ်အခြေစိုက် စက်မှု ၂ ကနေ ထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာအနီးမှာ ဖမ်းဆီးထားသူတွေက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

 

“ပုံမှန်ဆိုလည်း စစ်ကြောင်းလာနေကျဆိုတော့ စစ်ရှောင်တွေက ဝေးဝေးရှောင်နေကြတာပေါ့နော်။ ခုကတော့ မနေ့တုန်းကလည်း အကြောင်းမဲ့ ဒေသခံအမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်ခဲ့တော့ ဒေသခံတွေက ပိုပြီးတော့ ကြောက်ပြီးတော့ ဝေးရာကို ရှောင်တိမ်းနေကြရတာပေါ့” လို့ အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စု စစ်ကြောင်းဟာ ဝက်ပုပ်ကျေးရွာကို ဝင်ရောက်စဉ်မှာ ဒေသခံနှစ်ဦးကို သတ်ဖြတ်တာအပြင် နေအိမ် နှစ်လုံးကို ဖျက်ဆီးခဲ့သလို လေကြောင်းကနေ ပါရာမော်တာ နှစ်စင်းဖြင့် လေးကြိမ် ဗုံးကြဲပြီး စက်မှု ၂ ကို ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာ ၁၂ ရက်နေ့က သတ်ဖြတ်ခံရသူ နှစ်ဦးဟာ သာမန် ဒေသခံပြည်သူတွေသာဖြစ်ပေမယ့် စစ်အုပ်စုဟာ လက်ပြန် ကြိုးတုပ်ထားသလို ဓားလှီးဖြတ်ဒဏ်ရာတွေ၊ ပစ်သတ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့လည်း အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

သတ်ဖြတ်ခံရသူတွေ အပါအဝင် ဒေသခံ ၅ ဦးဟာ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်အုပ်စု စစ်ကြောင်းဟာ ပျူစောထီး အားကောင်းတဲ့ သရက်ကန်ရွာကတဆင့် မြိုင်စက်မှု ၂ ကို ဝင်ရောက်စဉ်မှာ ရွာတန်းရှည်ကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

အဲဒီလို စစ်အုပ်စုရဲ့ စစ်ကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် မြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာခန့်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်အုပ်စု ဝင်ရောက်လာစဉ်ကတည်းက ဒီကနေ့ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

 

မြိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက စတင်ပြီး ပခုက္ကူအခြေစိုက် ၁၀၁ ကနေ အင်အား ၁၈၀ ခန့်နဲ့ ထွက်လာကာ နိုဝင်ဘာ ၅ ရက်နေ့မှာ မြိုင်မြို့နယ်အတွင်း ရောက်ရှိလာတာဖြစ်ပြီး၊ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ မြိုင်မြို့နယ် နှင်းဆီကန်ကျေးရွာက နေအိမ် ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၂ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းထိတော့ စစ်အုပ်စု စစ်ကြောင်းရဲ့ နောက်ဆုံးအခြေအနေတွေ မသိရသေးဘူးလို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

 

မနေ့က စစ်အုပ်စု ဝင်ရောက်ခဲ့တဲ့ ဝက်ပုတ်ကျေးရွာဟာ ယခင်က ပျူစောထီး အားကောင်းတဲ့ ကျေးရွာတစ်ရွာဖြစ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ အညာမြေတပ်ပေါင်းစုနဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

Related News

Depend on news