ဝက်လက်မှာ အခွန်ကောက်ခံတာများလို့ လမ်းအသုံးပြုသူတွေက ပအဖ ဂိတ်ကို ဆန္ဒပြနေ

Author CJ Platform
Categories
Published on Jun 13, 2025

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံ–ရှိမ်းမ ကားလမ်းမပေါ်ရှိ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အကောက်ခွန်ဂိတ်က အခွန်ကောက်ခံတာများတာကြောင့် ဒေသခံအချို့နဲ့ ဖြတ်သန်းသွားလာသူတွေက ဇွန်လ ၁၁ ရက်နေ့ကနေ စတင်ဆန္ဒပြနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဗိုလ်ရန်ဂိတ်လို့ ခေါ်တဲ့ အကောက်ခွန်ဂိတ်ကနေ ဖြတ်သန်းသွားလာသူတွေကို အခွန်ကောက်ခံနေတာဖြစ်ပြီး ဆီတစ်ပေပါကို တစ်သောင်းခွဲကျပ် အခွန် ကောက်ရာကနေ အငြင်းပွားကာ စတင် ဆန္ဒပြကြတာဖြစ်တယ်လို့ ပြောပါတယ်။

 

“မန္တလေးတိုင်း၊ မိုးကုတ်ဘက်တွေ ကချင်အစပ်က ကားတွေရောများတော့ ဆီတစ်ပေပါကို တစ်သောင်းခွဲကောက်တာများတယ် ဆိုပြီးတော့ ဆန္ဒထုတ်ဖော်နေကြတာပေါ့။ မင်းကုန်းလေးရွာ ကားလမ်းမပေါ်မှာ ဒီကနေ့လည်း ပြနေကြတယ်၊ မနေ့ကလည်း ပြတယ်ဗျ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ယမန်နေ့က CJ Platform ကို ပြောပါတယ်။

 

ဆန္ဒပြမှုကြောင့် ပေါက်ကံ–ရှိမ်းမကားလမ်းမှာ မော်တော်ယာဉ်တွေနဲ့ လမ်းပိတ်နေခဲ့တာဖြစ်တယ်လို့ သိရပြီး ညှိနှိုင်းမှုတွေဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

ဗိုလ်ရန်ဂိတ်ကနေ အခွန်ကောက်ခံနေတာများတဲ့အတွက် ဒေသခံအချို့လည်း လုပ်ငန်းတချို့ ရပ်တန့်ထားရတယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

 

“အလုပ်မဖြစ်တော့ နားနေကြတာပေါ့ဗျာ။ အကောက်အခွန်ကလည်းများ၊ မန္တလေးဘက်က ခရိုနီ သူဌေးတွေကလည်း ဘောက်ဆာကားတွေနဲ့သယ်၊ ၁၂ ဘီးကားတွေနဲ့သယ်တော့ မကိုက်လို့ နားနေကြရတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေကလည်း ဆီပွဲစား လုပ်ကိုင်နေပြီး သူတို့တွေဗိုလ်ရန်ဂိတ်ကို ဖြတ်တဲ့အခါမှာတော့ အခွန်ကောက်ခံတာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

 

အဲဒီဂိတ်ကနေ နွားတွေ ဖြတ်သန်းရင်လည်း အကောက်ခွန်တွေ များစွာ ကောက်ခံနေတာမျိုးရှိသလို ကုန်ပစ္စည်း သယ်ဆောင်တာကိုလည်း အခွန်ကောက်ခံတာရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက မန္တလေး–ရွှေဘိုကားလမ်းတစ်လျှောက် ဆီကုန်သွယ်ပါက ဖမ်းဆီးနေတာကြောင့် ဆီကုန်သယ်တွေအနေနဲ့ မှောင်ခိုလမ်းကနေ သယ်ဆောင်နေရတာဖြစ်ပြီး သယ်ဆောင်တဲ့လမ်းမှာ အခုလို အကောက်ခွန်များတဲ့အတွက် ဒေသခံတွေက ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ

Related News

Depend on news