ဒီတစ်ပတ် ရွှေဈေး အခြေအနေ (အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Oct 13, 2024

“ဩဂုတ်ဈေးနားအထိ ကျလာတဲ့ ရွှေဈေး”

 

ဒီတစ်ပတ်အတွင်း ရွှေဈေးကွက်ဟာ အလှုပ်အခပ်မများခဲ့ဘဲ ငြိမ်ငြိမ်လေးနဲ့ ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ဩဂုတ် ပထမပတ်အတွင်းက ဈေးနှုန်းနီးပါးအထိ ပြန်ရောက်လာတာတွေ့ရပါတယ်။

 

အဲဒီတုန်းက အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းကျပ်လောက်ပဲရှိခဲ့တာပါ။ ဒီတစ်ပတ် စနေနေ့မှာတော့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၂ သိန်း ငါးသောင်းအထိ ရောက်လာတာတွေ့ရပါတယ်။

 

တစ်ပတ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ် အပိတ်ဈေးနဲ့ပဲ ဖွင့်ခဲ့ပြီး အလှုပ်အခပ်မရှိ အဲဒီဈေးနဲ့ပဲ အဖွင့်နေ့ တစ်နေကုန် ငြိမ်သက်ခဲ့ပါတယ်။

 

နောက်တစ်ရက် အင်္ဂါနေ့ မနက်ပိုင်းမှာလည်း ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်း ငါးသောင်းနဲ့ပဲ ဖွင့်လာခဲ့ပေမဲ့ နေ့လယ်ပိုင်းမှာတော့ တစ်ကျပ်သား တစ်သိန်းတက်သွားတာတွေ့ရပါတယ်။

 

ဗုဒ္ဓဟူးနေ့မှာတော့ ၁၆ ပဲရည် တစ်ကျပ်သား ငါးသောင်းကျပ် ပြန်ကျသွားပြီး ၆၄ သိန်းနဲ့ ဈေးပိတ်ခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းကျပ်ထပ်ကျပြီး ၆၃ သိန်း ငါးသောင်းကျပ်ကို ပြန်ရောက်သွားပါတယ်။ အဲဒီလိုပဲ သောကြာနေ့မှာ ငါးသောင်းကျပ် ထပ်ကျပြီး တစ်ကျပ်သား ၆၃ သိန်းဖြစ်ခဲ့ပါတယ်။

 

စနေနေ့မှာတော့ ဈေးနှုန်းအလှုပ်အခပ်အနည်းအငယ်ဖြစ်ခဲ့ပြီး မနက်ပိုင်းမှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်း ငါးသောင်းကို မြှင့်ပြီး ဈေးဖွင့်ခဲ့ပေမဲ့ ညနေပိုင်းမှာတော့ ၆၂ သိန်း ငါးသောင်းအထိ ကျဆင်းခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ အရင်ပတ်ကထက် အကျဈေးနဲ့ တာထွက်လာခဲ့ပေမဲ့ ဒီတစ်ပတ်နှောင်းပိုင်းရက်တွေမှာတော့ မြင့်တက်လာတာတွေ့ခဲ့ရပါတယ်။

 

တနင်္လာနေ့မှာ တစ်အောင်စ အမေရိကန် ၂၆၄၇ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး အင်္ဂါနဲ့ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေမှာ တောက်လျှောက် ကျဆင်းခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ တစ်အောင်စ အမေရိကန် ၂၆၁၇ ဒေါ်လာအထိ အနိမ့်ဆုံးခဲ့ပါတယ်။

 

ဒါပေမဲ့ သောကြာနေ့ တစ်ရက်တည်း ကြာသာပတေးနေ့ကထက် ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၄၃ ဒေါ်လာအထိ တက်ခဲ့ပြီး တစ်အောင်စ ၂၆၆၀ အထိ တက်ခဲ့ပါတယ်။ အဲဒီနောက် စနေနေ့မှာတော့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပြီး တစ်အောင်စ ၂၆၅၆ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။

 

Source – Myanmar Market Price