မီဇိုရမ်၊ လောက်တလိုင်ခရိုင်ရှိ မြန်မာစစ်ရှောင်တွေကို နှင်မထုတ်ဘူးလို့ ခရိုင်အုပ်ချုပ်ရေးမှူးပြော

Author ဆလိုင်း
Categories
Published on Jul 12, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်အတွင်းသို့ မြန်မာစစ်ဘေးရှောင်များအပါအဝင် ခိုလှုံလာသူအားလုံးကို နှင်မထုတ်ဘူးလို့ အဲဒီခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။

 

ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့က ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ ပွဲတက်ရောက်ခဲ့သူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

 

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ လောက်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က မိမိတို့ ချင်းအနွယ်ဝင် စစ်ဘေးရှောင်တွေ ဝင်ရောက်ခိုလှုံနေတယ်လို့ ပြောပါတယ်။

 

ဒါကြောင့် ၎င်းတို့ကို ကောင်းမွန်စွာ ကိုင်တွယ်ဖို့၊ နှင်မထုတ်ဖို့နဲ့ ဒေသတွင်းလုံခြုံရေးကိုလည်း အလေးထားဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

 

“လောက်တလိုင်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေ ရောက်ရှိလာတဲ့အတွက် သူတို့ကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးသလို အရပ်ဘက်အဖွဲ့စည်းတွေကလည်း စောင့်ရှောက်ပေးနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ဘေးရှောင်တွေကို နှင်ထုတ်မှာမဟုတ်ပေမဲ့ စစ်ဘေးရှောင်တွေအတွက် အစိုးရထံမှ သီးသန့်ရံပုံငွေချပေးထားတာ မရှိတဲ့အတွက် နောက်ထပ်ဝင်လာမယ့် စစ်ဘေးရှောင်တွေကို ဘယ်လောက်အတိုင်းအတာထိလက်ခံမလဲဆိုတာကိုမူ စဉ်းစားဖို့လိုတယ်လို့ ၎င်းက အကြံပြုပါတယ်။

 

တစ်ဖက်မှာလည်း ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စည်းစည်းလုံးလုံးလုပ်ကြဖို့လည်းလိုအပ်တဲ့အကြောင်း လောက်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ထည့်သွင်းမှာကြားသွားပါတယ်။

 

အဲဒီဆွေးနွေးပွဲထဲ စစ်ဘေးရှောင်အရေးနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာစစ်ဘေးရှောင်အရေး တက်ကြွလှုပ်ရှားသူများထံမှ သိရပါတယ်။

 

အဲဒီ တွေ့ဆုံဆွေးနွေးပွဲသို့ ဗဟိုလိုင်လူငယ်အဖွဲ့အစည်း၊ လိုင်အမျိုးသမီးများအဖွဲ့အစည်း၊ မီဇိုးအမျိုးသမီးများအစည်းအရုံးနဲ့ မီဇိုရမ်လူကြီးများအဖွဲ့အစည်းတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။

 

လောက်တလိုင်ခရိုင်အတွင်း မြန်မာဘက်က ချင်းစစ်ဘေးရှောင် ၆၀ဝ၀ ခန့်ဟာ စစ်ဘေးရှောင်စခန်း ၃၈ ခုနဲ့ တခြားကျေးရွာတို့မှာ ပျံ့နှံ့နေထိုင်နေတယ်လို့ မြန်မာစစ်ဘေးရှောင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

အလားတူ အဲဒီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှ ချင်းအနွယ်ဝင် စစ်ဘေးရှောင် ၂၀ဝ၀ ခန့်ဟာလည်း စစ်ဘေးရှောင်စခန်း ၁၂ ခုမှာ နေထိုင်နေကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ဒါ့အပြင် လောက်တလိုင်ခရိုင်အတွင်းသို့ ရခိုင်လူမျိုးအများအပြား လာရောက်နေထိုင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်ပြီး နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ထပ်တိုးဖို့အတွက်လည်း အထက်ကို တင်ပြသွားမယ်လို့ လောက်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်၊ မတူပီနဲ့ ပလက်ဝမြို့နယ်တို့က စစ်ရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ ယနေ့အထိ လောက်တလိုင်ခရိုင်ထဲသို့ တိမ်းရှောင်နေရသူတွေ ရှိနေဆဲဖြစ်တယ်လို့ အဲဒီက မြန်မာစစ်ဘေးရှောင်အရေး တက်ကြွသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပလက်ဝမှာ တိုက်ပွဲတွေ မရှိတော့ပေမဲ့ ပလက်ဝက ချင်းတွေက နေ့တိုင်းလိုလို မီဇိုရမ်ဘက် ထွက်ပြေး စစ်ဘေးရှောင်လာကြတာ ရှိသေးတယ်။ ပြီးတော့ မတူပီမြို့သိမ်းတိုက်ပွဲတုန်းက မတူပီက ချင်းတွေလည်း စစ်ဘေးရှောင်လာကြတာရှိသေးတယ်။ ကျန်တဲ့မြို့နယ်ကတော့ လောလောဆယ်မရှိသေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံမှ ချင်းအနွယ်ဝင်လူဦးရေ ၁၃၀ ဦးနီးပါး လောက်တလိုင်ခရိုင်ထဲသို့ စစ်ဘေးရှောင်လာကြပြီး ၎င်းတို့ကို အိန္ဒိယနယ်ခြားစောင့်တပ်က နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ မီဇိုရမ်ဝန်ကြီးချုပ် မေတ္တာရပ်ခံမှုဖြင့် နေရပ်ပြန်ပို့မယ့် အစီအစဉ် ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ- လောက်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဇူလိုင် ၁၁ ရက်နေ့မှာ အစည်းအဝေးပြုလုပ်နေကြစဉ်