“ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ထိုင်းမှာဖြစ်နေတဲ့လေပွေလှိုင်း မြန်မာကို ရိုက်ခတ်နိုင်

Published on Dec 12, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ ကရင်ပြည်နဲ့ မွန်ပြည် တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။

 

တရုတ်ပြည်မကြီးဘက်ကနေ လေဖိအားများရပ်ဝန်းဝင်ရောက်မှု ကျယ်ပြန့်လာတာကြောင့် မြောက်ပိုင်းဒေသတွေမှာ အပူချိန်တွေကျဆင်းလာပြီး ခြောက်သွေ့တဲ့လေတွေကြောင့် မနက်အစောပိုင်းအချိန်တွေမှာ အအေးပိုလာကာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေအနီးကနေ ဖြတ်ကျော်နေပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ နောက်ခြောက်နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေကို ရောက်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

အရှေ့မြောက်မုတ်သုံလေအားကောင်းနေပြီး တောင်တရုတ်ပင်လယ်ဘက်က လေပွေလှိုင်းဟာ ထိုင်းပင်လယ်ကွေ့ကို ရွေ့လျားဝင်ရောက်လာတာကြောင့် ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်ကာ ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

 

ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လေပွေလှိုင်းဟာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ရောက်ရှိမှာဖြစ်ပြီး တနင်္သာရီတိုင်းတောင်ပိုင်း မြိတ်မြို့အောက်ဘက်ဒေသ‌တွေဖြစ်တဲ့ ဘုတ်ပြင်း၊ မောတောင်၊ ကော့သောင်းတို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း မိုးအသင့်အတင့်ကနေ မိုးသည်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

 

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ညအပူချိန်တွေ ဆက်လက်ကျဆင်းနေမှာဖြစ်ပြီး တိမ်အမြင့်များဖုံးလွှမ်းခြင်းကြောင့် မိုးအုံ့နေနိုင်ပြီး နေရာကွက်ပြီး မိုးအနည်းငယ်ရွာနိုင်ချေရှိပေမဲ့ မိုးရွာဖို့ ရာခိုင်နှုန်း ၃၀ နဲ့ ၄၀ ခန့်သာရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။