“ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးအနည်းငယ်ရွာဖို့ ၈၀ ရာခိုင်နှုန်းရှိ

Published on Nov 12, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရှမ်းပြည်(တောင်ပိုင်း)မှာ နေရာစိပ်စိပ်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာမယ်လို့ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာနှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ရင်ရှင်း”(YINXING)ဟာ အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကိုရောက်ရှိနိုင်ကာ အားလျော့သွားမယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ တမီးနာဒူးလ်ကမ်းခြေနဲ့ သီရိလင်္ကာနိုင်ငံကမ်းခြေတို့ကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

ကချင်ပြည်၊ ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ