နောက်ကလိုက်ကစားရင်း ယူရိုနှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်သွားတဲ့ အင်္ဂလန်

Author မောင်ရှမ်း
Categories
Published on Jul 11, 2024

ယူရို ၂၀၂၄ ရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယ်သာလန်နဲ့ အင်္ဂလန်ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မှာကျင်းပရမယ့် ယူရိုကို ၂၀၂၁ ခုနှစ်မှာကျင်းပခဲ့ရာမှာ အင်္ဂလန်တို့ အီတလီနဲ့ ဗိုလ်လုခဲ့ပါသေးတယ်။ အဲဒီမှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်သွားတာဖြစ်ပါတယ်။ မနေ့ညက ပွဲပြီးအခြေအနေကို CJ Platform က အကျဉ်းချုပ်ဖော်ပြအပ်ပါတယ်။

 

နယ်သာလန် ၁ – ၂ ပြင်သစ်

 

နယ်သာလန်အတွက်တော့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အသည်းကွဲခဲ့ရတဲ့ပွဲပါ။ နယ်သာလန်ဟာ ပွဲအစ ၇ မိနစ်မှာ ဇာဗီ ဆိုင်မွန်ရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးရပြီးနောက်ပိုင်းမှာ အင်္ဂလန်ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ အင်္ဂလန်ကတော့ ဒီနှစ်ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းမျိုးကို ထုတ်ပြသွားခဲ့ပြီး ချေပဂိုးရဖို့အတွက် နယ်သာလန်ခံစစ်ကြောင်း ပုံစံမျိုးစုံနဲ့ ဖိအားပေးသွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်အရောက်မှာတော့ ဟာရီကိန်းကို နယ်သာလန်နောက်ခံလူက ဂိုးဧရိယာအတွင်းမှာ တားဆီးပုံကြမ်းတမ်းခဲ့လို့ အင်္ဂလန်တို့ ပင်နယ်တီရရှိခဲ့ပြီး ကိန်းကပဲ အတိကျဆုံးကန်သွင်းကာ တစ်ဂိုးစီသရေဖြစ်စေခဲ့ပါတယ်။ ပထမပိုင်းမှာပဲ အင်္ဂလန်တို့ ဦးဆောင်ဂိုးရသွားနိုင်တဲ့ အနေအထားတွေရှိခဲ့ပေမဲ့ တစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

 

ဒုတိယပိုင်းကတော့ နယ်သာလန်ရဲ့ အလှည့်လို့ ဆိုရမှာပါ။ နယ်သာလန်ဟာ မာလန်းနေရာမှာ ဗက်ဟော့စ်ကို ထည့်သွင်းလိုက်ပြီးနောက် အင်္ဂလန်ခံစစ်ကြောင်းကို တောက်လျှောက် အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒီနေရာမှာ နည်းပြနှစ်ယောက်ရဲ့ လူစားလဲမှုတွေက ပွဲတွင်းအခြေအနေကို အများကြီး သက်ရောက်မှုရှိသွားစေခဲ့ပါတယ်။ နယ်သာလန်ဘက်က ဗက်ဟော့စ်ဝင်လာချိန်မှာ အင်္ဂလန်ဘက်က ထရစ်ပီယာအစား လုခ်ရှောကို ထည့်သွင်းခဲ့တာပါ။ ရှောဟာ ပွဲဝေးနေတာကြောင့် အသင်းကို ကူညီဖို့ထက် သူ့ကိုယ်သူတောင် ဘောလုံးမပျက်အောင် ကစားနေရတဲ့အခြေအနေဖြစ်နေပါတယ်။

 

အင်္ဂလန်နဲ့ နယ်သာလန်တို့ဟာ အပြန်အလှန်အခွင့်အရေးတွေရခဲ့ပြီး ဒမ်ဖရိုင်းစ်ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ် ဘားတန်းထိခဲ့သလို ဖိုဒန်ရဲ့ လှပတဲ့ဝေ့ဝိုက်ကန်သွင်းမှုတစ်ကြိမ်ဟာလည်း တိုင်ထိသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဆာကာအနိုင်ဂိုးသွင်းခဲ့ပေမဲ့ အနည်းငယ်လူကျွံနေခဲ့တာကြောင့် အင်္ဂလန်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာတော့ အင်္ဂလန်ဘက်က ဖိုဒန်နဲ့ ဟာရီကိန်းကိုထုတ်ပြီး ပယ်လ်မားနဲ့ ဝက်စ်ကင်းကိုထည့်သွင်းခဲ့ပါတယ်။ ဒါကပဲ အနိုင်ဂိုးရဖို့ ဖြစ်လာခဲ့တာပါ။ မိနစ် ၉၀ အရောက်မှာတော့ ပယ်လ်မားမျောထိုးပေးတဲ့ဘောလုံးကို ဝက်စ်ကင်းက ပြိုင်ဘက်နောက်ခံလူတစ်ယောက်ပိတ်ထားတဲ့အနေအထားမှာ ခက်ခက်ခဲခဲကန်သွင်းကာ အင်္ဂလန်အတွက် ဗိုလ်လုပွဲတက်စေမယ့်ဂိုးကို သွင်းပေးခဲ့ပါတယ်။

 

ဒီသွင်းဂိုးဟာ ဝက်စ်ကင်းအတွက်တော့ လက်ရွေးစင်အသင်းတွက် ပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးသွင်းတဲ့ဂိုးလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အင်္ဂလန်ဟာ နယ်သာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို ၂ ကြိမ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲကို ဇူလိုင်က ၁၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး စပိန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Euro 2024