ကမ္ဘာ့ဖလားဂိုးသွင်းရှင် မူလာနဲ့ ဒီမာရီယာ နိုင်ငံအသင်းတွေက အနားယူ

Author မောင်ရှမ်း
Categories
Published on Jul 11, 2024

ပရိသတ်အချစ်တော်ကစားသမားတွေဖြစ်ကြတဲ့ ဂျာမနီတိုက်စစ်သမား သောမတ်စ် မူလာနဲ့ အာဂျင်တီးနားတောင်ပံကစားသမား အိန်ဂျယ် ဒီမာရီယာတို့ဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

 

မူလာဟာ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်သလို ဂျာမနီအတွက် ဂန္ဓဝင်တစ်ဦးဖြစ်ပါတယ်။

 

အလားတူပဲ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အဖွင့်ဂိုးရှင် ဒီမာရီယာဟာလည်း အာဂျင်တီးနားအတွက် ဂန္ဓဝင်ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

 

မူလာဟာ ဂျာမနီလက်ရွေးစင်အသင်းကြီးအတွက် ၂၀၁၀ ခုနှစ် မတ်လမှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ပွဲစဉ်မှာ စတင်ကစားခွင့်ရခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

 

အဲဒီနောက် ၄ နှစ်အကြာ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူလာဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၁၃၁ ပွဲအထိ ကစားပေးခဲ့ကာ ၄၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

 

အာဂျင်တီးနားအသင်းရဲ့ ဝါရင့်တောင်ပံကစားသမား ဒီမာရီယာကတော့ လာမယ့် ဇူလိုင် ၉ ရက်နေ့မှာကစားမယ့် ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ အနားယူတော့မှာပါ။

 

လက်ရှိမှာတော့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ကိုလံဘီယာအသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။

 

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမာရီယာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် စတုတ္ထမြောက် ပွဲအများဆုံးကစားထားသူအဖြစ် ၁၄၄ ပွဲနဲ့ စံချိန်တင်ထားတာပါ။

 

သူပါဝင်ကစားခဲ့တဲ့ ၁၄၄ ပွဲမှာ ၃၁ ဂိုးသွင်းပြီး ဖန်တီးမှု ၃၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

 

ဓာတ်ပုံ – Sportskeeda