မင်းတပ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်၊ စစ်ဘေးရှောင် နေအိမ်များပျက်စီး
ချင်းပြည်၊ မင်းတပ်မြို့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ရမ်းသမ်းပစ်ခတ်လို့ စစ်ဘေးရှောင်နေအိမ်တချို့ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က မင်းတပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးကျည် ငါးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“မြို့ထဲက စစ်တပ်တွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သွားတာပါ။ အရပ်သားတွေ ထိခိုက်မူမရှိပေမဲ့ စစ်ဘေးရှောင်နေအိမ်တချို့က ပျက်စီးသွားတယ်။ အဲဒီဘက်မှာ ဘယ်တိုက်ပွဲမှလည်း မရှိဘူး။ စစ်ဘေးရှောင်တွေဘဲ နေကြတာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် အဲဒီ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ အနီးဝန်းကျင်ကို အဲဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာ သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်၊ ဗုံးအလုံးရေ ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့သွားတယ်လို့ သိရပါတယ်။
မင်းတပ်မှာ ယခုရက်ပိုင်း စစ်ကောင်စီတပ်က မြို့အနီးနား ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ အကြောင်းမဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့လည်း ဒေသကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ဇူလိုင်လ ၈ ရက်ကလည်း မွီတွီကျေးရွာက ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီတပ်မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ- စစ်ကောင်စီ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်လို့ ပျက်စီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်ကို တွေ့ရစဉ်။