ရန်ကုန်မှာ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်လို့ စစ်ခေါင်းဆောင်ပြောပြန်

Author CJ Platform
Categories
Published on Jun 11, 2024

မြို့နယ်အများအပြား Martial Law ထုတ်ခံထားရတဲ့ ရန်ကုန်တိုင်းထဲ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာလို့ရနိုင်တာကိုတွေ့မြင်ရတယ်လို့ မြေပြင်အခြေအနေတွေနဲ့ကင်းလွတ်နေသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပြန်ပါတယ်။

 

မနေ့ ဇွန် ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကုန်းမြင့်သာမှာကျင်းပတဲ့ ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

 

စစ်ကောင်စီ အာဏာသိမ်းလိုက်ချိန်မှာ ရန်ကုန်တိုင်းထဲ လူထုက ပြည်သူ့အစိုးရဆီ အာဏာပြန်လွှဲဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို ထည့်ပြောခဲ့ပြီး တချို့မြို့နယ်တွေမှာ လက်နက်ကိုင်တော်လှန်မှုတွေအထိဖြစ်ခဲ့လို့ စစ်အုပ်ချုပ်ရေးကြေညာပြီး ထိန်းသိမ်းခဲ့ရတယ်လို့ သူက ပြောပါတယ်။

 

“ဒါပေမဲ့ ရန်ကုန်တိုင်းထဲ ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ်သွားလာလို့ရတာကို တွေ့မြင်ရမှာဖြစ်ပါတယ်” လို့ အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ်။

 

တော်လှန်သူတွေရှိနေလို့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ အမြဲမပြတ်စောင့်ကြည့်နေဖို့နဲ့ ရန်ကုန်တိုင်းထဲ တော်လှန်ရေးသမားတွေကင်းစင်အောင်လုပ်ဆောင်ဖို့လိုတယ်လို့ စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

စစ်ခေါင်းဆောင်က ရန်ကုန်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်လို့ဆိုပေမဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေမြို့အနှံ့ လုံခြုံရေးချထားတဲ့အပြင် မထင်ရင်မထင်သလို အစစ်အဆေးတွေလုပ်တတ်တာကြောင့် ရန်ကုန်လူထု စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ သူတို့က ဆိုကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းထဲကစလို့ ရန်ကုန်မြို့မှာ လုံခြုံရေးတွေ ပိုမိုချထားသလို ကင်းလှည့်ရာမှာလည်း နေ့ရော၊ ညပါ တပ်ဖွဲ့ဝင်အင်အား ပိုမိုထည့်သွင်းပြီး လှည့်လည်နေတာကို တွေ့မြင်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောထားပါတယ်။

 

ဒါ့အပြင် အရင်က ရန်ကုန်မြို့က ဘန်ကာတွေထဲမှာသာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတချို့ ကင်းစောင့်နေရာကနေ အခုအခါ ဘန်ကာထဲအပြင် ပလက်ဖောင်းတွေနဲ့ လမ်းမပေါ်တွေအထိ စစ်ကောင်စီတပ်သားတွေ တိုးမြှင့်ချထားတာကို တွေ့မြင်ရတယ်လို့ အဲဒီမြို့ခံတွေက ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ အားနည်းချက်တွေရှိခဲ့လို့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရပြီး နိုင်ငံ့လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ လုံခြုံရေးအားနည်းချက်တွေ ရှိနေဆဲမလို့ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်ပြောသွားပါတယ်။

 

အဲဒီနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနဲ့ တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်တိုင်းထဲ အေးချမ်းရေးနဲ့ လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ မြို့သာယာရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေအနေတွေကို မြေပြင်နဲ့ကင်းကွာနေတဲ့ စစ်ခေါင်းဆောင်ဆီ ရှင်းပြခဲ့ကြပါတယ်။

 

ဓာတ်ပုံ – MOI