ဆေးကုသခွင့်လုံလောက်စွာမပေးလို့ ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်းတစ်ဦးသေဆုံး၊ သေဆုံးနိုင်ကျဉ်း ၈ ဦးရှိလာ

Author လဂွန်းအိမ်
Categories
Published on May 11, 2024

ပဲခူးတိုင်း ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ဆေးဝါးကုသမှုလုံလုံလောက်လောက်မရလို့ မေလ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဆီက သိရပါတယ်။

 

သေဆုံးသူမှာ စစ်ကောင်စီက ၅၀ ည ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်းဖြစ်တယ်လို့ သိရပါတယ်။

 

သူဟာ စစ်ကြောရေးမှာ ရရှိထားတဲ့ အတွင်းဒဏ်ရာတွေကြောင့် နာမကျန်းဖြစ်နေလို့ အကြိမ်ကြိမ်ဆေးဝါးသခွင့်တောင်းခံခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘဲ သေဆုံးခါနီးမှ ပြင်ပဆေးရုံပို့ခွင့်ပေးခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

“ထောင်အာဏာပိုင်တွေအနေနဲ့ အကျဉ်းသားတွေသေဆုံးခါနီးမှ ဝတ်တရားအရပြင်ပဆေးရုံတွေပို့တာထက်စာရင် အရေးပေါ်လူနာတွေကို အချိန်နဲ့တစ်ပြေးညီ ပြင်ပဆေးရုံတွေပို့ဖို့ကိုလည်း ဒီကနေတောင်းဆိုလိုပါတယ်” လို့ သူက ပြောပါတယ်။

 

သေဆုံးသူ ကိုလင်းလင်းထွန်းဟာ လယ်ဝေးမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး အခုလိုဖြစ်နေတဲ့အချိန်မှာလည်း သူ့မိသားစုအနေနဲ့ မလာရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

 

ဒီနှစ်ထဲ ဒိုက်ဦးထောင်ထဲမှာ ဆေးဝါးလုံလောက်စွာမရရှိလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြီး အကျဉ်းထောင်တွေထဲ လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနတို့က ကျုးလွန်လေ့ရှိပြီး အရင်နှစ်ကဆိုရင် အသတ်ခံရသူ ၁၈ ဦး၊ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့ သေဆုံးခဲ့ရသူ ၁၆ ဦးအထိရှိခဲ့တယ်လို့ PPMN ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်