ရန်ကုန် မြို့နယ်နှစ်ခုမှာဖြစ်တဲ့ ယာဉ်တိုက်မှုတွေကြောင့် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on May 11, 2024

ရန်ကုန်က မြို့နယ်နှစ်ခုမှာ ယမန့်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုနှစ်ခုကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။

 

ယမန့်နေ့ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန်လမ်း မီးပွိုင့်နဲ့ သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ ၇ လမ်းထိပ်မှာ ဖြစ်ပွားခဲ့တာလို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

 

“ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်မှာ ရပ်ထားတဲ့တွဲကားကို အိမ်စီးကားကဝင်တိုက်မိတာပါ။ အသက် ၅၀ အရွယ်အမျိုးသားယာဉ်မောင်း နေရာမှာပဲသေဆုံးသွားပါတယ်ဗျ” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန်လမ်း မီးပွိုင့်မှာလည်း အိမ်စီးကားနှစ်စီး တိုက်မိလို့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

“အဲဒီလမ်းဆုံက ခဏခဏတိုက်တယ်။ ညနက်လာရင် မီးနီလည်းမသိ အတင်းမောင်းကြတာ။ တစ်လကို ငါးကြိမ်လောက်တိုက်တယ်။ အဲဒီလမ်းဆုံက” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မှာ အခုရက်ပိုင်းတွေထဲ ယာဉ်တိုက်မှုတွေ ခပ်စိပ်စိပ်ဆိုသလို ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံနားမှာ YBS တစ်စီးက လမ်းဖြတ်ကူးတဲ့အမျိုးသားတစ်ဦးကို တိုက်မိလို့ သေဆုံးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအသင်း