“ဒီဂျစ်တယ် အမှောင်ခေတ်” သို့မဟုတ် နည်းပညာနှင့် သတင်းပေးများကိုသုံး၍ ပြည်သူကို နှိပ်ကွပ်နေသော စစ်ကော်မရှင်
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ညတစ်ညရဲ့ ညဉ့်နက်သန်းခေါင်ယံအချိန်။ လူတိုင်း အိပ်မောကျနေချိန်ဖြစ်ပေမယ့် ကိုကောင်းကောင်း (အမည်လွှဲ) အတွက်ကတော့ အဲဒီညဟာ သူ့ဘဝရဲ့ အိပ်မက်ဆိုးတစ်ခု စတင်မယ့်ည ဖြစ်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် သူ့ရဲ့သူငယ်ချင်းက “မင်းနာမည် ကျော်စွာချန်နယ်မှာ ပါလာပြီ၊ သတိထားဦး” ဆိုတဲ့ သတင်းစကား ပါးလိုက်ချိန်မှာ သူ့ဘဝရဲ့ လုံခြုံမှုဟာ စိုးစဉ်းမျှမရှိတော့ဘူးဆိုတာကို သူနားလည်လိုက်ပါတယ်။ အာဏာသိမ်းပြီးစ ကာလတွေက စစ်တပ်ကို သရော်ခဲ့ဖူးတာ၊ သတင်းမျှဝေခဲ့ဖူးတာတွေကို စစ်တပ်လော်ဘီချန်နယ်တွေက Screenshot ယူပြီး နှစ်ချီကြာမှ ပြန်လည်တူးဆွတိုက်ခိုက်လာတာ ဖြစ်ပါတယ်။
Profile Lock ချထားပြီး Two-factor authentication (2FA) လို လုံခြုံရေးအဆင့်ဆင့် ခံထားပေမယ့် သူ့ရဲ့ ဓာတ်ပုံ၊ ဇာတိမြို့နဲ့ လက်ရှိနေထိုင်ရာ မြို့နယ်အပါအဝင် ကိုယ်ရေးအချက်အလက်တွေဟာ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ တစ်ပတ်အကြာမှာတော့ ရဲတွေက ကိုကောင်းကောင်းရဲ့ နေအိမ်ကို ရောက်ရှိလာပြီး ကျန်ရစ်သူမိသားစုဝင်တွေကို ခြိမ်းခြောက်စစ်ဆေးမှုတွေ လုပ်လာပါတော့တယ်။
“အိမ်မှာနေရတာလည်း မလွတ်လပ်ဘူး၊ မငြိမ်းချမ်းဘူး။ ဘယ်လိုကိစ္စနဲ့ပဲဖြစ်ဖြစ် မတရားဖမ်းဆီးခံရနိုင်တဲ့ အခြေအနေရှိတဲ့အတွက် ဒီဘက် (လွတ်မြောက်နယ်မြေ) ကိုပဲ ထွက်လာခဲ့လိုက်တာပါ” လို့ ကိုကောင်းကောင်းက ရင်ဖွင့်ပါတယ်။
ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာလည်း လမ်းခရီးက ချောမွေ့မနေပါဘူး။ လော်ဘီချန်နယ်တွေမှာ ဓာတ်ပုံနဲ့တကွ ပါထားတဲ့အတွက် လေကြောင်းခရီးကနေသွားရင် လေဆိပ်မှာ အဖမ်းခံရမှာစိုးလို့ မြဝတီလမ်းကြောင်းကို ရွေးချယ်ခဲ့ရပါတယ်။ ဒါပေမယ့် ပုံမှန် ခရီးသည်တင်ကား စီးဖို့တောင် မရဲခဲ့ပါဘူး။
“ကားဂိတ်တွေမှာ စစ်ဆေးရင် မိသွားမှာစိုးလို့ Bus ကားနဲ့ မသွားရဲဘူး။ လုံခြုံတဲ့ လမ်းကြောင်းတစ်ခုကနေ သူငယ်ချင်းတစ်ယောက်နဲ့အတူ စွန့်စားပြီး ထွက်လာခဲ့ရတယ်။ တိုးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ ရောက်တိုင်း ‘ငါ့ကိုများ ဖမ်းမလား’ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တမမ ဖြတ်သန်းခဲ့ရပါတယ်” လို့ သူက ထွက်ပြေးစဉ်က အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
အရင်က မီဒီယာတစ်ခုမှာ အစီစဉ်တင်ဆက်သူ (Presenter) အဖြစ် တက်လမ်းရှိခဲ့တဲ့ ကိုကောင်းကောင်းရဲ့ ဘဝဟာ အခုချိန်မှာတော့ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့ပါပြီ။ လက်ရှိ ထိုင်းနိုင်ငံမှာ ဆိုင်တစ်ဆိုင်ရဲ့ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေးအတွက် ရုန်းကန်နေရပါတယ်
“အလုပ်အကိုင်တွေ၊ ပညာရေးတွေ၊ အနာဂတ်ရည်မှန်းချက်တွေကတော့ အာဏာစသိမ်းကတည်းက ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အနာဂတ်ရည်မှန်းချက်တွေအားလုံး အနည်းနဲ့အများ ပျောက်ဆုံးကုန်ပါပြီ” လို့ သူက ဝမ်းနည်းစွာ ဆိုပါတယ်။
ဒါဟာ ကိုကောင်းကောင်း တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။ စစ်အာဏာသိမ်း ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ “ဒီဂျစ်တယ်အမှောင်ခေတ်” ထဲ ရှင်သန်ဖို့ ရုန်းကန်နေရသူပေါင်း များစွာရှိနေပါတယ်။
Myanmar Internet Project ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တစ်လတည်းမှာတင် အင်တာနက်အသုံးပြုမှုကြောင့် ဖမ်းဆီးခံရသူ ၄၇ ဦး ရှိခဲ့ပါတယ်။ Data For Myanmar ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်အုပ်စုကို အွန်လိုင်းမှာ ဝေဖန်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၉၉၃ ဦး ရှိနေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့ဟာ ဖမ်းဆီးခံရမှု အများဆုံး ဒေသတွေ ဖြစ်ပါတယ်။
“စစ်တပ်က လူထုရဲ့ ရပိုင်ခွင့်မှန်သမျှကို ပြောင်ပြောင်တင်းတင်း နည်းမျိုးစုံနဲ့ ချိုးဖောက်ဖို့၊ အပေါက်ပေါင်းစုံကနေ ပိတ်ဖို့ ကြိုးစားနေတယ်။ အထူးသဖြင့် သူတို့ကိုဆန့်ကျင်တဲ့ ယန္တရားကြီးတစ်ခုလုံးကို ပိုပြီးခိုင်မာစေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူပိုင်ခွင့် မှန်သမျှကို တောက်လျှောက် တိုက်ခိုက်လာတာ တွေ့ရတယ်” လို့ Access Now အဖွဲ့မှ မဝေဖြိုးမြင့်က သုံးသပ်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေ့လာစောင့်ကြည့်နေတဲ့ အသံအဖွဲ့ (Athan) ရဲ့ ပြောခွင့်ရသူကလည်း “လူထုအမြင်ပြောဆိုခြင်းဟာ စစ်အုပ်စုအတွက် ရာဇဝတ်မှု ဖြစ်သွားတာပါ။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းပေးပို့ခွင့်တို့ကို တစ်ပြိုင်တည်း ဖိနှိပ် ချိုးဖောက်တာပါ” လို့ မှတ်ချက်ပြုပါတယ်။ အသံအဖွဲ့ရဲ့ စာရင်းအရ ၂၀၂၅ တစ်နှစ်တည်းမှာပင် “အွန်လိုင်းပေါ်တွင် ဝေဖန်ရေးသားမှု” ခေါင်းစဉ်နဲ့ ဖမ်းဆီးခံရသူ ၂၀၀ နီးပါး ရှိနေပါတယ်။
ဒီလိုဖိနှိပ်ရာမှာ တရုတ်နိုင်ငံရဲ့ နည်းပညာအကူအညီတွေ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar (JFM) နဲ့ Myanmar Internet Project တို့က ထောက်ပြကြပါတယ်။ တရုတ်ကုမ္ပဏီ Geedge Networks ဆီကနေ ဝယ်ယူထားတဲ့ Tiangou Secure Gateway (TSG) နဲ့ Cyber Narrator နည်းပညာတွေဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသေးစိတ် မွှေနှောက်ရှာဖွေတာ (Deep Packet Inspection – DPI)၊ VPN အသုံးပြုမှုကို ပိတ်ဆို့တာနဲ့ Facebook, Twitter တို့လို လူမှုကွန်ယက်တွေကို ဖြတ်တောက်တာတွေ ပြုလုပ်နိုင်ပါတယ်။
“တရုတ်အစိုးရရဲ့ ကြံရာပါပတ်သက်မှုနဲ့ ဒီနည်းပညာတွေက စစ်အုပ်စုအတွက် ၎င်းတို့ပစ်မှတ်တွေကို ရှာဖွေဖော်ထုတ်၊ ဖမ်းဆီး၊ သတ်ဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနေတာ ဖြစ်ပါတယ်” လို့ JFM ပြောခွင့်ရ မရတနာမောင်က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက နိုင်ငံသားတစ်ယောက်ချင်းစီကို စောင့်ကြည့်နိုင်တဲ့ PSMS (Person Scrutinization and Monitoring System) စနစ်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပြီး CCTV ကွန်ရက်တွေနဲ့ ချိတ်ဆက်ကာ လူထုကို မျက်ခြေမပြတ် စောင့်ကြည့်နေတာတွေလည်း လုပ်ဆောင်နေပါတယ်။ Myanmar Internet Project မှ ကိုသစ်ဉာဏ်က ဒီနည်းပညာတွေဟာ အင်တာနက်အသုံးပြုသူ ၃၃.၄ သန်းခန့်ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ပြီး ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုကလည်း ဒီစနစ်တွေ တပ်ဆင်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ထောက်ပြပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သတင်းစီးဆင်းမှုကို ပိုမိုတင်းကျပ်လာပါတယ်။ ရွေးကောက်ပွဲအတွက် “အွန်လိုင်းအကြောင်းအရာစစ်ဆေးရေး ကော်မတီ” တစ်ရပ်ကို ၂၀၂၅ ဩဂုတ်လမှာ ဖွဲ့စည်းခဲ့ပြီး၊ အွန်လိုင်းပေါ် ၂၄ နာရီစောင့်ကြည့်ဖို့ စနစ်တကျ တာဝန်ယူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“သူတို့ရွေးကောက်ပွဲကို ဝေဖန်တဲ့ ပို့စ်ကို ပြည်တွင်းက တစ်ယောက်ယောက်က Like လုပ်မိတယ်ဆိုရင်တောင်မှ ဖမ်းဆီးခံရတယ်ဆိုတဲ့ ကိစ္စရပ်ဟာ တော်ရုံလူ့အခွင့်ရေးချိုးဖောက်မှုမျိုး မဟုတ်ဘူး။ ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နေရာလပ်မရှိအောင် ပိတ်ပင်နေတာဖြစ်တယ်” လို့ မဝေဖြိုးမြင့်က သုံးသပ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၈၇ ယောက်ရှိပြီး ဖမ်းဆီးခံထားရသူ ၃၃ ယောက် ရှိပြီဖြစ်ပါတယ်။
နည်းပညာပိတ်ဆို့မှုအပြင် အင်တာနက်ဖြတ်တောက်မှုများကလည်း စံချိန်တင်နေပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ အင်တာနက်ဖြတ်တောက်ခံရတဲ့အကြိမ် (၄၂၀) ရှိပြီလို့ Myanmar Internet Project က ဆိုပါတယ်။ Freedom House ရဲ့ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် ၁၀၀ မှာ ၉ မှတ်သာရရှိပြီး တရုတ်နဲ့အတူ ကမ္ဘာ့အဆိုးဆုံး အဆင့်မှာ ရပ်တည်နေပါတယ်။
လတ်တလောမှာ နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်နေမှုကို စစ်ကော်မရှင်က ရေအောက်ကေဘယ်လိုင်း (UMO/AAE-1) ချို့ယွင်းမှုကြောင့်လို့ အကြောင်းပြပေမယ့်၊ ပညာရှင်များကတော့ သံသယရှိကြပါတယ်။ “လက်ရှိအခြေအနေအရ ဝိုင်ဖိုင်လိုင်းနှေးနေတာတွေဟာ သံသယရှိစရာ ဖြစ်ပါတယ်။ Great Firewall စမ်းသပ်နေတာ၊ တပ်ဆင်နေတာတွေ ဖြစ်နိုင်သလို၊ အတုအယောင် ရွေးကောက်ပွဲကြောင့် နှေးအောင် လုပ်ဆောင်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်” လို့ ကိုသစ်ဉာဏ်က သုံးသပ်ပါတယ်။
နည်းပညာတွေ၊ ဥပဒေတွေ၊ လက်နက်တွေနဲ့ ပိတ်ဆို့ထားတဲ့ ဒီဂျစ်တယ်အမှောင်ခေတ်ထဲမှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေဟာ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုများကြားမှ ရုန်းထွက်လာသူများရဲ့ စိတ်ဓာတ်ကတော့ မာကျောနေဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဘဝသစ်ပြန်စနေရတဲ့ ကိုကောင်းကောင်းကတော့ ပြည်တွင်းမှ လူငယ်တွေကို “Digital Security တွေကို သတိထားကြဖို့” သတိပေးရင်း၊ သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ စစ်တပ်လော်ဘီတွေနဲ့ အာဏာရှင်တွေကို တုံ့ပြန်လိုက်ပါတယ်။
“စစ်တပ်လော်ဘီချန်နယ်တွေကိုတော့ အရမ်းကြီး အဖက်လုပ်ပြီး မပြောချင်တော့ဘူး။ ဒါပေမယ့် သူတို့အလှည့်ချည်းပဲ မဟုတ်ပါဘူး၊ တစ်ခါတလေကျရင်လည်း ကျွန်တော်တို့အလှည့် ပြန်ရောက်လာဦးမှာပါ”
ဒီစကားဟာ ဒီဂျစ်တယ်အမှောင်ခေတ်ထဲမှာ ဖိနှိပ်ခံနေရသူအားလုံးရဲ့ အသံအဖြစ် ပဲ့တင်ထပ်နေပါတော့တယ်။
