စစ်ကောင်စီက ၀က်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

Author CJ Platform
Categories
Published on May 11, 2025

စစ်ကိုင်းတိုင်း ၊ ၀က်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့က မေလ ၁၀ ရက် မွန်းလွဲ  ၁ နာရီခန့်က စစ်ကိုင်းမြို့နယ်နဲ့ ၃ မိုင်ခန့်အကွာရှိ ၀က်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားတောင် လမ်းဆုံ ပြည့်ရှိန်းအောင် ဆီဆိုင်အနီး ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

“ဆီဆိုင်ကိုချတာက တစ်ယောက်ပါသွားတယ်လို့ သိရတယ်၊ နောက်ထပ် ဘယ်နှစ်ယောက်ထိလည်း မသိရသေးဘူး။ ဆီဆိုင်က ပိတ်ထားလို့ ပစ္စည်းတွေ အဆောက်အဦအားလုံးနီးပါးတော့ မီးလောင်သွားတယ်လို့ သိရတယ်” လို့ ၀က်လက်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

တစ်နေ့တည်းမှာပဲ (မေလ ၁၀ ရက်)  ၀က်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာတော်ကုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ညနေ ၄ နာရီခွဲခန့်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် CDM ဆရာမ တစ်ဦးအပါအ၀င် ဒေသခံ ၁၅ ဦးခန့်သေဆုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီက ဒီကနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ၀က်လက်မြို့နယ် အနောက်ခြမ်း ရွှေပန်းကုန်းကျေးရွာ စာသင်ကျောင်း၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

“စာသင်ကျောင်း အ၀င်ပေါက်တစ်လုံး အရှေ့ဘက် ပေ ၅၀ လောက်တစ်လုံး လေကြောင်းတိုက်ခိုက်ခံရတာ မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ်၊ ထပ်ပြီးစုံစမ်းနေဆဲပဲ” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီက ယာယီ အပစ်အခတ်ရပ်ကာလကို တိုးမြင့်ထားပေမယ့်  ဒေသခံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှာတွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ မှ မေ ၂ ရက်အထိ စစ်တပ်က ရန်ကုန်တိုင်းမှ အပ တိုင်းနဲ့ပြည်နယ်အနှံ့မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ ရာ အရပ်သား ၂၇၀ ကျော်သေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မေ ၆ ရက်နေ့က NUG  လူ့အခွင့်အရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အချက်လက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Wetlet Informational Network

Related News

Depend on news