မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က နေ့စဥ် လေကြောင်းကနေတိုက်ခိုက် ရဲဘော်တွေအပါအဝင် ကျဆုံးသူ ၂၀ ဦးအထိရှိလာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ဘဲ ဒီဇင်ဘာ ၂ ရက်ကနေ ဒီကနေ့ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဥ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။
ဒါကြောင့် ဒီဇင်ဘာလ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ လေကြောင်းအပါအဝင် လက်နက်ကြီးကြောင့် နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ ကာကွယ်ရေးအဖွဲ့၀င်တွေအပါအ၀င် ဒေသခံ ၂၀ ဦးခန့် သေဆုံးတယ်လို့ သိရပါတယ်။
“နွားထိုးကြီး၊ တောင်သာ နယ်အစပ်တွေမှာ နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲချနေတယ်” လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာရဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို အခုလို ပြောပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် အသက် ၅၃ နှစ်ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးပျက်စီးခဲ့ရတယ်လို့ အဲဒီက အသက် ၃၀ ခန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီနယ်မှာ တိုက်ပွဲမဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေပြုနေထိုင်ရာမဟုတ်ဘဲ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မိုးနှောင်းခင်းကျေးရွာနေ အိမ်ထောင်စု ၂၇၀ ခန့်က ဒေသခံတွေ ယမန်နေ့က ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပြီး ဒီကနေ့မှာတော့ ဒေသခံတချို့ ပြန်လည်၀င်ရောက်နေထိုင်နေပြီလို့ အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂ ရက်ကနေ ၅ ရက်နေ့အထိ လေးရက်ဆက် နွားထိုးကြီးမြို့နယ်က ကျေးရွာတွေထဲ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်မှုတွေပြုလုပ်တာကြောင့် ဒေသခံ ၁၀ ဦးခန့်သေဆုံးခဲ့ရတယ်လို့ အဲဒီမြို့နယ် ပကဖအဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီလိုပဲ မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း ဒေသခံ သုံးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
မြင်းခြံခရိုင်အတွင်းက တောင်သာအပါအ၀င် နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်တွေမှာ ဩဂုတ်လ ၁၀ ရက်မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက Myingyan District Special Operation (MDSO) “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး”အဖြစ် တိုက်ပွဲတွေအရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိအပါအဝင် အနည်းဆုံးကိုးဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ရတယ်လို့ Myingyan Black Tiger (MBT)ဆီက သိရပါတယ်။
ဓာတ်ပုံ – လူထုလှုပ်ရှားမှုကော်မတီ -တောင်သာ
ပုံစာ- လေကြောင်းတိုက်ခိုက်ခံရပြီး မိုးနှောင်းခင်းကျေးရွာက ပျက်ဆီးခဲ့ရတဲ့နေအိမ်တွေကိုတွေ့ရစဥ်