စလင်းမှာ အမျိုးသမီးငယ်တွေကို လူကုန်ကူးသူ ဇနီးမောင်နှံ သုံးလကျော်ကြာတဲ့အထိ အရေးယူမခံရသေး ပကဖအချုပ်ထောင်မှာ ထိန်းသိမ်းထား

Author မင်းထက်
Categories
Published on Nov 11, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က အမျိုးသမီးငယ်တွေကို ပစ်မှတ်ထား လူကုန်ကူးမှု ကျူးလွန်ခဲ့သူ ဇနီးမောင်နှံကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်အထိ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အနေနဲ့ ပြစ်ဒဏ်မချမှတ်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

စလင်းပကဖက နာမည်တွေထုတ်မပြောတဲ့ အသက် ၂၀ ကျော်အရွယ် လင်မယားနှစ်ယောက်ကို ဒီနှစ် ၂၀၂၄၊ သြဂုတ်လ ၂၃ ရက်နေ့က ဖမ်းမိခဲ့တာပါ။

 

အဲဒီလင်မယားက ပြစ်ဒဏ်တွေကို ဝန်ခံထားတဲ့အတွက် လွန်ခဲ့တဲ့သုံးလ ဩဂုတ်လအတွင်းမှာပဲ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအဆင့်ဆင့်ဆီ တင်ပြထားပေမဲ့ ပြစ်ဒဏ်မချလာသေးတဲ့အတွက် စလင်းပကဖဌာနမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

“အမှုသွားလာ လုပ်ငန်းစဥ်တော့ လုပ်ကိုင်ပြီးသွားပြီ။ အမိန့်ချစီရင်ရေးအတွက် စောင့်ဆိုင်းနေဆဲပါ” လို့ စလင်းပကဖမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဘာကြောင့် ဒီလိုကြန့်ကြာနေတာလဲဆိုတာတော့ မသိသေးဘူးလို့ နာမည်မဖော်လိုတဲ့ ဒီအကြောင်း သိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

လတ်တလော စလင်းမြို့နယ်၊ တညောင်နယ်သားတွေဖြစ်တဲ့ အဲဒီလင်မယား နှစ်ယောက်နဲ့ သူတို့ရဲ့ ကိုးလသားအရွယ် ကလေးငယ်တို့ကို အကျယ်ချုပ်အနေနဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

သူတို့နှစ်ဦးဟာ မြ၀တီနယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်ရင်းကနေ မငြိမ်မသက်မှုကြောင့် ဒီနှစ် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ တညောင်ကျေးရွာဘက်ကို ပြန်လာခဲ့ပါတယ်။

 

အဲဒီမှာ ဆွေမျိုးနီးစပ်သူ မိန်းကလေးငယ်နှစ်ဦးကို လူကုန်ကူးခဲ့သလို အဲဒီမတိုင်ခင် မြ၀တီမှာနေထိုင်ခဲ့စဥ်က မန္တလေး၊ တောင်တွင်း စတဲ့မြို့နယ်တွေက အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၁၀ ဦးကျော်ကို လူကုန်ကူးခဲ့တယ်လို့ စစ်ဆေးမေးမြန်းရာမှာ ကျူးလွန်သူလင်မယားရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့ စလင်းပကဖမှ တာ၀န်ရှိသူက ပြောပါတယ်။

 

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက စလင်းမြို့နယ်၊ မြောင်းသစ်နဲ့ ဂုံညှင်းနွယ်ကျေးရွာအကြားမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဦးစံကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ၃၇၆ တို့နဲ့အမှုဖွင့်ထားပေမဲ့ NUG က ပြစ်ဒဏ်မချမှတ်နိုင်သေးဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်