မတ္တရာမှာ စခန်းပြန်သိမ်းဖို့လာတဲ့ စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်၊ ၇ ဦးသေဆုံးပြီး လက်နက်များပါ မန်း PDF ရ

Author လဂွန်းအိမ်
Categories
Published on Jul 10, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ရေနံ့သာတိုးဂိတ်ကိုပြန်သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို မန်း PDF ကပြန်လည်တိုက်ခိုက်လို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဇူလိုင် ၉ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို Mdy-PDF က လိုက်လံရှင်းလင်းရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

 

အဲဒီမှာ အရာရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်သုံ့ပန်း လေးဦးနဲ့ လက်နက်ခဲယမ်းတွေလည်း ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဇူလိုင် ၈ ရက်က စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒုတပ်မှူး ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၃ ဦးကိုလည်း ဖမ်းဆီးရရှိထားခဲ့တာပါ။

 

အဆိုပါ ဒုတပ်မှူး ဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

ဇူလိုင် ၉ ရက် မတ္တရာမြို့နယ်က တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ကျေးရွာတွေကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အုတ်ဖို(ရွာသစ်)ကျေးရွာက ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး သန်းကုန်းကျေးရွာမှ စာသင်ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ မန်း PDF ထုတ်ပြန်ချက်ထဲ ထပ်မံဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – MDY PDF