◾နယ်သာလန်နဲ့ အင်္ဂလန်တို့ရဲ့ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ◾စပိန်နဲ့ ဘယ်သူ ဗိုလ်လုခွင့်ရမလဲ။

Author  မောင်ရှမ်း
Categories
Published on Jul 10, 2024

ဒီကနေ့ ဇူလိုင် ၁၀ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေထဲက နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ နယ်သာလန်နဲ့ အင်္ဂလန်တို့ ကစားသွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ်အတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်က ဘယ်လိုဖြစ်မလဲ။ ဘယ်အသင်း နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

 

နယ်သာလန် – အင်္ဂလန်

 

နယ်သာလန်အကြောင်းကို ပြောရမယ်ဆိုရင် နှစ်ပိုင်းခွဲပြီး ပြောရမလိုပါပဲ။ သူတို့ရဲ့ အုပ်စုတွင်းခြေစွမ်းဟာ အားရစရာလုံး၀မရှိခဲ့သလို ၁၆ သင်းအဆင့်ကိုတောင် အကောင်းဆုံးတတိယနေရာနဲ့ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ ရှုံးထွက်အဆင့်တွေမှာတော့ ခြေစွမ်းက တမဟုတ်ခြင်းပြောင်းသွားပြီး သူတို့ရဲ့မာကျောမှုကို ပြသနိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာ ရိုမေးနီးယားကို ၃ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခဲ့သလို ကွာတားမှာတော့ ခြေစွမ်းမာကျောတဲ့ တူရကီကို နောက်ကနေလိုက်ကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ နယ်သာလန်ရဲ့ခံစစ်ကြောင်းမှာ အကီ၊ ဗန်ဒိုက်ချ်တို့ဟာ  ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေမှာ ကစားနေသူတွေဖြစ်လို့ အင်္ဂလန်တိုက်စစ်သမားတွေရဲ့အကြောင်းကို နောကြေအောင်သိနေသလို တိုက်စစ်ပိုင်းကလည်း ဂတ်ပိုက လီဗာပူးမှာကစားနေသလို ဒီပိုင်းနဲ့ ဘာ့ဂ်ဝင့်ချ်တို့ဟာလည်း ပရီးမီးယားလိဂ်မှာ ကစားဖူးသူတွေဖြစ်နေပါတယ်။ နယ်သာလန်အနည်းငယ် အားနည်းနေတာက ကွင်းလယ်ပိုင်းပါ။ ကွင်းလယ်အားနည်းချက်ကို ပြင်ဆင်နိုင်မယ်ဆိုရင် အင်္ဂလန်ကို အသာရသွားနိုင်ပါတယ်။

အင်္ဂလန်ဟာ ဒီအဆင့်ကိုရောက်လာပေမဲ့ နောက်ဆုံးလေးပွဲဆက်မှာ မိနစ် ၉၀ အတွင်း နိုင်ပွဲလုံး၀မရခဲ့တဲ့ အသင်းပါ။ ကစားသမားကောင်းတွေ ပြည့်နှက်နေခဲ့တယ်ဆိုပေမဲ့ ဆီမီးဖိုင်နယ်ရောက်လာတဲ့အထိကို အားရစရာကောင်းတဲ့ ကစားဟန်မျိုး ပြသထားနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆောက်ဂိတ်ရဲ့လက်အောက်က အင်္ဂလန်ဟာ ကံကောင်းမှုတွေတော့ ရှိနေပါတယ်။ အင်္ဂလန်အနေနဲ့ နယ်သာလန်ကို သာမန်ပွဲချိန်အတွင်းမှာ မရှုံးနိမ့်အောင် ကစားနိုင်မယ်ဆိုရင်တော့ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ပါတယ်။ Opta ရဲ့ စူပါကွန်ပြူတာကတော့ ဒီပွဲဟာ မိနစ် ၉၀ အတွင်းသရေကျပြီး အချိန်ပိုထိရောက်နိုင်‌ချေ ၃၀ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၉ ကြိမ်မှာ အင်္ဂလန်ဟာ တစ်ကြိမ်သာ အနိုင်ရထားပြီး လေးကြိမ်သရေကျကာ လေးကြိမ် ရှုံးနိမ့်ထားခဲ့ပါတယ်။ အင်္ဂလန်နဲ့ နယ်သာလန်တို့ဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ လေးကြိမ်မြောက်အဖြစ် ဆုံတွေ့တာဖြစ်ပြီး ၁၉၈၈ ယူရိုတုန်းက မာကို ဗန်ဗက်စတန်ရဲ့ ဟက်ထရစ်နဲ့အတူ ၃-၁ ရလဒ်နဲ့ နယ်သာလန်က အနိုင်ရခဲ့သလို ၁၉၉၀ ကမ္ဘာ့ဖလားမှာတော့ ဂိုးမရှိသရေကျခဲ့ပြီး ၁၉၉၆ ယူရိုမှာတော့ အင်္ဂလန်က ၄ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

 

ဒီညမှာတော့ နယ်သာလန်အနေနဲ့ မိနစ် ၉၀ အတွင်း အနိုင်ရအောင် မကစားနိုင်ဘူးဆိုရင် အင်္ဂလန်ကို အသာရဖို့ ခက်နိုင်ပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်မှာ ပိုသာပြီး အရန်အင်အားလည်း ပိုတောင်းတင်းတဲ့ အင်္ဂလန်တို့ အချိန်ပိုထိဆွဲခေါ်သွားပြီး ဗိုလ်လုပွဲရောက်သွားနိုင်ချေရှိပါတယ်။

 

ခန့်မှန်းရလဒ် – နယ်သာလန် ၁ – ၂ အင်္ဂလန်

 

ဓာတ်ပုံ – Opta