ရန်ကုန်မြစ်အတွင်း သမ္ဗာန်မှောက်မှုထဲ ပျောက်ဆုံးနေသူ ၈ ဦး ၇ နာရီကြာတဲ့အထိ ပြန်မတွေ့သေး
ကျောင်းသား သုံးဦးအပါအဝင် ရှစ်ဦးပျောက်ဆုံးနေတဲ့ ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှောက်မှုမှာ ဒီကနေ့ မနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပြန်မတွေ့သေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများက CJ Platform သို့ ပြောပါတယ်။
ညနေပိုင်းအထိ ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေဆဲဖြစ်ပေမဲ့ ရပ်ဆိုင်းရမယ့်အခြေအနေမှာရှိနေတယ်လို့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရေစီးကလည်း သန်နေတယ်။ အခုချိန်ထိ ထူးထူးခြားခြားမရှိသေးဘူးဗျ။ တခြားနေရာတွေကို ပြောင်းရှာရမယ့်အခြေအနေပါ။ အခုက ဖြစ်တဲ့နေရာမှာရှာနေတဲ့အလုပ်တွေရပ်တော့မယ့် အခြေအနေပါ” လို့ ၎င်းက ပြောပါတယ်။
သမ္ဗာန်ပေါ်လိုက်ပါလာများအတွင်း မောင်းသူအပါအဝင် ၁၇ ဦးဖြစ်ပြီး ယခုပျောက်ဆုံးနေသူ ရှစ်ဦးထဲ ခရီးသည် ငါးဦးနဲ့ ကျောင်းသား သုံးဦးပါဝင်တယ်လို့ သိရပါတယ်။
“ရင်တွေကွဲမတတ်ပဲ။ အခုထိ တူလေးရော၊ တူမလေးရော ရှာမတွေ့သေးဘူး” လို့ ပျောက်ဆုံးကလေးငယ်နှစ်ဦးရဲ့ မိသားစုဝင်က မှတ်ချက်ပေးထားတာကိုလည်း လူမှုကွန်ရက်ပေါ် တွေ့ရပါတယ်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင် ၅ ဖာလုံခန့်အကွာတွင် သမ္ဗာန်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ် တစ်စီး၊ သူနာတင်ယာဉ် တစ်စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ် တစ်စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(MFSD)က ထုတ်ပြန်ပါတယ်။
ရေယာဉ်ပေါ်လိုက်ပါလာသူ ၁၇ ဦးအနက် ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ MFSD က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း