ပခုက္ကူတွင် စစ်ကား မိုင်းဆွဲခံရ၍ ၄ ဦး ဒဏ်ရာရ၊ နားထိုင်းသွားသည့်စစ်သား ငိုကြွေးနေဟုဆို

Author မင်းထက်
Categories
Published on Apr 10, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပလောကန်ရွာမှ မြို့တွင်းသို့ အကူးအသန်းလုပ်နေသော စစ်ကောင်စီကားတစ်စီးကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပခုက္ကူ(PPDF) တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

လက်ပကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်သားများသည် ပခုက္ကူမြို့သို့ ခြောက်ဘီးစစ်ကားဖြင့်လာစဉ် လက်ပကန်နှင့် ချောက်ကန်ကျေးရွာကြားတွင် မိုင်းတစ်ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

“အဲဒီလမ်းက ကူးနေကြပါ။ ၁၀၁ နဲ့လည်း ကပ်နေတော့ ကားတစ်စီးတည်းပဲထွက်လာတာ။ ကူးနေကျလမ်းဆိုတော့ စောင့်ရတာပေါ့။ တန်ပြန်ပစ်တာမရှိဘူးဗျ။ မောင်းပြေးတာ။ ထိခိုက်ဒဏ်ရာရတာက လေးဦး၊ ထိခိုက်ဒဏ်ရာရတာတွေ၊ နားမကြားတော့တာတွေက အတွင်းသတင်းကနေသိရတာဗျ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

ဒဏ်ရာရလေးဦးထဲမှ တစ်ဦးသည် နားမကြားတော့ဘဲ စိတ်ထိခိုက်ဒဏ်ရာများနှင့်အတူ ငိုကြွေးသောကရောက်နေကြောင်း ၎င်းက ဆိုသည်။

 

စစ်ကောင်စီ ထိခိုက်ဒဏ်ရာရရှိမှုများကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ယင်းတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force UG)၊ Earthquake People’s Defense Force၊ Burma Revolution Rangers နှင့် Pakokku People’s Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – Pakokku People’s Defense Force