မှတ်ကျောက်တင် ၁၅ နှစ်ပြည့်မှသည် စစ်ကောင်စီကင်းစင် ပြည်ဖြစ်လာမလား

Author ကိုထားဝယ်
Categories
Published on Apr 10, 2024

သွေးခွဲသပ်လျှိုမှုများ၊ အချင်းချင်း မစည်းလုံးမှုများ၊ သွေးကွဲလွယ်သော လူ့စရိုက်သဘာဝတို့ကြောင့် အဖွဲ့အစည်းတစ်ခု ကြာရှည်တည်မြဲဖို့မလွယ်ပေ။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ပိုလို့ပင် ဆိုးပါတယ်။

 

ယခုလက်ရှိ စည်းလုံးရန်အလိုအပ်ဆုံးအချိန်မှာပင် တော်လှန်ရေးအင်အားစုများကြား၊ လက်နက်ကိုင်အဖွဲ့များကြား၊ အဖွဲ့အစည်းများကြား အကွဲအပြဲများစွာ တိတ်တဆိတ်တစ်မျိုး၊ လူသိရှင်ကြားတစ်မျိုးကွဲနေကြတာပါ။

 

ဒါပေမဲ့ ရက္ခိုင့်တပ်တော် AA ကတော့ အဲဒီလိုအခက်အခဲတွေကို ကျော်လွှားပြီး ဒီနေ့ ဧပြီ ၁၀ ရက်မှာပဲ ၁၅ နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

၂၀၀၉ ခုနှစ် ယခုလိုနေ့မျိုးမှာ ဆယ်ဂဏန်းသာရှိတဲ့ ရခိုင်အမျိုးသားတချို့နဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ဟာ အခုဆို ထောင်နဲ့ချီတဲ့ ရဲဘော်ရဲဘက်တွေနဲ့ ပြည့်နှက်လို့နေပါပြီ။

 

ရက္ခိုင့်တပ်တော်ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဦးဆောင်နေတာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခတို့က ဝန်းရံထားပါတယ်။

 

AA ဟာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကစလို့ လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ အကူအညီနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ခဲ့စဉ် အင်အား ၅၀ အောက်သာရှိခဲ့ရာမှ ယခုအခါ မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွင်း ‘ဝ’ တပ်နောက် ဒုတိယအင်အားအကြီးဆုံး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

 

AA ဖွဲ့စည်းပြီး ခြောက်နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ ချင်းပြည်၊ ပလက်ဝဒေသကနေ ရခိုင်ပြည်ထဲ ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေနဲ့ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ နယ်ခြားစောင့်စခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်နဲ့ AA တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ အဲဒီနှစ်မှာပဲ စစ်တပ်က AA ကို အကြမ်းဖမ်းအဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။

 

နောက်တစ်နှစ် ၂၀၂၀ ခုနှစ်ထဲမှာတော့ ချင်းပြည် ပလက်ဝ၊ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်တွေထိ ကျယ်ပြန့်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း AA နဲ့ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုတွေအပြင် လူဦးရေသိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

 

အဲဒီနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် AA နဲ့ စစ်တပ်ကြား စစ်တပ်ဘက်က တစ်ဖက်သတ် အပစ်ရပ်ကြေညာမှုတွေကြောင့် တိုက်ပွဲတွေ လျော့ကျခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်(မြောက်ပိုင်း)မှာ ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့နဲ့အတူ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။

 

အဲဒီနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ချင်းပြည် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်ထဲမှာ စစ်ကောင်စီကင်းစင်ရေးတိုက်ပွဲတွေ စတင်ပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်း စစ်တပ်စခန်း ၄၀ ကျော်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ULA/AA ရဲ့ တကျော့ပြန်စစ်ဆင်ရေးဟာ ၆ လပြည့်ဖို့ သုံးရက်သာလိုတော့တာပါ။ ဒီခြောက်လအတွင်း ချင်းပြည် ပလက်ဝဒေသအပါအဝင် မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တွေကို AA က သိမ်းပိုက်ထားနိုင်ပါပြီ။

 

ဘူးသီးတောင်မြို့ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ဖို့အလားအလာကောင်းနေသလို ပြီးခဲ့တဲ့ ဧပြီ ၅ ရက်က အရေးပါတဲ့တပ်ရင်းတစ်ခုဖြစ်တဲ့ စကခ ၁၅ လက်အောက်ခံ ခမရ ၅၆၄ ကို တပ်ရင်းဌာနချုပ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဘူးသီးတောင်မြို့ထဲ ကျန်နေသေးတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်စခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ဧပြီလ ၆ ရက် ထုတ်ပြန်ချက်ထဲ ထည့်သွင်းပြောကြားထားပါတယ်။

 

အလားတူ ကပ်လျက်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့နယ်က ကြိမ်ချောင်းနယ်ခြားစောင့်စစ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က အပြင်းအထန်ကြိုးပမ်းနေတာပါ။

 

အဲဒီလို အာဏာသိမ်း စစ်ကောင်စီတပ်ကို တိုက်ရင်းခိုက်ရင်း၊ အောင်ပွဲတွေဆင်ရင်းနဲ့ ရက္ခိုင့်တပ်တော် AA ဟာ ၁၅ နှစ်အထိပြည့်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

 

၁၅ နှစ်အတွင်း AA ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ပြည်ထဲ စစ်ကောင်စီတပ်သားကင်းစင်ရေး တိုက်ပွဲတွေ အကောင်အထည်များစွာပေါ်လာပြီဖြစ်သလို ရခိုင်မြောက်ပိုင်းကို အလုံးစုံထိန်းချုပ်နိုင်ဖို့ အလားအလာကောင်းနေပြီဖြစ်ပါတယ်။ တောင်ပိုင်းမြို့နယ်တွေကိုလည်း AA တပ်တွေ ဝင်လာမှာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတ်လန့်နေကြပြီဖြစ်ပါတယ်။

 

ဒီနေ့ကျရောက်တဲ့ ရက္ခိုင့်တပ်တော် AA တည်ထောင်ခြင်း ၁၅ နှစ်ပြည့်ကို ညီနောင်အဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)တို့နဲ့အတူ တော်လှန်ရေးအဖွဲ့ ၁၈ ခုက သဝဏ်လွှာတွေ အသီးသီးပေးပို့ကြပါတယ်။

 

ချင်းညီနောင်အဖွဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်(အရှို)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC/MDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB)၊ လူ့ဘောင်သစ်တပ်မတော်(အနောက်ပိုင်းဒေသ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်း-P2-6002)တို့က ဒီနေ့မနက်ပိုင်းမှာပဲ ပေးပို့ထားတာပါ။ ညနေပိုင်းမှာလည်း အဖွဲ့ရှစ်ဖွဲ့ထပ်မံပေးပို့ခဲ့တာပါ။

 

ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဒီ ၁၅ နှစ်ပြည့်ဟာ ရခိုင်လူမျိုးတွေအတွက် အလွန်ထူးခြားပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့နှစ်လို့ ဖော်ကြူးပါတယ်။

 

MoD ကတော့ အကောင်းဆုံးအခွင့်အရေးကို လက်တွဲညီညီအရယူပြီး ကိုယ်ပိုင်ပြဌာန်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမျှ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ လက်တွေ့ရှိနေမယ့် တိုင်းပြည်သစ်ကို အတူတကွဖန်တီးပုံဖော်ကြဖို့ ဆန္ဒပြုတယ်လို့ သဝဏ်လွှာထဲ ထည့်ပြောပါတယ်။

 

အဲဒီလိုပဲ ချင်းညီနောင်အဖွဲ့ကလည်း AA ရဲ့ ၁၅ နှစ်ပြည့်နှစ်ဟာ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေကို သိသိသာသာအကောင်အထည်ဖော်နိုင်တာကြောင့် ထူးခြားပြီး မှတ်ကျောက်တင်နိုင်ခဲ့တဲ့နှစ်လို့ သူတို့သဝဏ်လွှာထဲ ဂုဏ်ပြုပြောဆိုပါတယ်။

 

နောက် ချင်းတပ်တွေပူးပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၊ ချင်းကာကွယ်ရေးတပ်(အရှို)တို့ကတော့ AA ရဲ့ ကူညီပေးမှုတွေကို ကျေးဇူးတင်သလို အတူတူဆက်လက်ပူးပေါင်းပြီး အာဏာရှင်စနစ်ကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးကြပါတယ်။

 

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့-PLF က “မဝေးတော့ပြီဖြစ်တဲ့ ရက္ခိုင့်တပ်တော်ရဲ့ တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးအောင်မြင်စွာဆွတ်ခူးနိုင်စေရန်၊ ရခိုင်လူထုတစ်ရပ်လုံး အားကိုးအားထားပြုရတဲ့ တပ်တော်အဖြစ် အစဉ်အမြဲဆက်လက်တည်တံ့နိုင်ပါစေ” လို့ သဝဏ်လွှာထဲ ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

 

သဝဏ်လွှာတွေထဲ ရခိုင်ပြည်သူတစ်ရပ်လုံးလိုလားတဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ တော်လှန်ရေးအဖွဲ့တွေက တညီတညွှတ်ထဲ ဆုတောင်းပေးထားကြပါတယ်။

 

ဒါ့အပြင် ညီနောင်အဖွဲ့ TNLA နဲ့ MNDAA တို့အပါအဝင် မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့များက ရက္ခိုင့်တပ်တော် AA အနေနဲ့ ၁၅ နှစ်ပြည့် သလင်းရတုမှသည် ရခိုင်တစ်ပြည်လုံးကို မကြာမီအချိန်အတွင်း အလုံးစုံထိန်းချုပ်နိုင်ပြီး တစ်ပြည်လုံးမှာ စစ်ကောင်စီတပ်သား ကင်းစင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ကြပါတယ်။

 

ညီနောင်၊ မိတ်ဖက်တွေရဲ့ ဆုတောင်းတွေပြည့်ပြီး ရခိုင်တစ်ပြည်လုံးကို သိမ်းနိုင်ဖို့ AA က တက်လှမ်းနေသလို တကယ်ပဲ ရခိုင်ပြည်ဟာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာမလား။

 

၁၅ နှစ်ထဲ မှတ်ကျောက်တွေတင်နိုင်ခဲ့သလို ၁၆ နှစ်ပြည့်မှာ ရခိုင်ပြည်သူတွေလက်ထဲ ရခိုင်ပြည်ကြီး အပ်လိုက်နိုင်မလား ဆိုတာ စောင့်ကြည့်ချင်စဖွယ်ပင်….။

 

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ ၁၅ နှစ်ပြည့်မိန်းခွန်းထဲ အခုလိုပဲ သူ့ရဲ့ရဲဘော်တွေကို တိုက်တွန်းလိုက်ပါတယ်။

 

“ရဲဘော်တို့ ငါတို့ အခုတိုက်နေတဲ့ တိုက်ပွဲတွေဟာ ငါတို့အားလုံးရဲ့ သမိုင်းနဲ့ အနာဂတ်ကံတရား အပြောင်းအလဲတစ်ခုလုံးကို အဆုံးအဖြတ်ပေးဖို့ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီတော်လှန်ရေးကြီးကို အပြတ်အသတ် အောင်ပွဲခံပြီးတော့ အာရက္ခတို့ဇာတိမြေကို လုံး၀လွတ်မြောက်အောင် လုပ်နိုင်မှ ငါတို့ဘ၀တွေလုံခြုံဖို့ ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီး မတရားမှုတွေက အဆုံးသတ်စေဖို့ ကိုယ့်အမျိုးသားကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပုံဖော်နိုင်ဖို့ အာရက္ခပြည်သားတွေရဲ့ ဂုဏ်သိက္ခရှိရှိ လူမှန်နေရာမှန် ရပ်တည်တတ်ဖို့ အချိန်အခါသင့်ဖြစ်လာသည့် အောင်ပွဲ မျှော်လင့်ချက်ရောင်နီသစ်တွေနဲ့အတူ ကိစ္စလက်ကျန်တွေကို အပြတ်ဖြတ် စာရင်းဆက်ရှင်းလိုက်ကြမယ်ရဲဘော်တို့…။

 

 

Related News

Depend on news