ဟားခါး လေကြောင်းတိုက်ခိုက်မှု အိမ်ပေါ်တည့်တည့်ကျလို့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် လေးဦးလုံးသေဆုံး ချင်းတပ်သိမ်းယူထားတဲ့ ကီယမ်တောင်တပ်စခန်း ပြန်သိမ်းခံရ
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အိမ်ခေါင်ပေါ်တည့်တည့်ကျပြီး ကလေးတစ်ဦးအပါအဝင် မိသားစုဝင် လေးဦးလုံး သေဆုံးတယ်လို့ အဲဒီဒေသခံတွေဆီက သိရပါတယ်။
အဲဒီကျေးရွာမှာ အရပ်သားတွေပဲနေထိုင်ပြီး တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ အသက် ၅၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒီနေ့မနက် ရွာသားတွေ အိမ်မောကျနေတဲ့အချိန် ဗုံးသီးနှစ်လုံးနဲ့ ကြဲချသွားတာပါ။ ပထမအကြိမ် လေယာဥ်နဲ့ ဗုံးလာကြဲတုန်းက မိသားစုဝင် လေးဦးပွဲချင်းပြီး ဆုံးသွားတယ်။ ဒုတိယအကြိမ် ဗုံးသီးတစ်လုံး ထပ်ကြဲတယ်။ အရပ်သားဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်” လို့ သူက ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေဟာ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး စိုးရိမ်ရတဲ့လူနာတွေလည်းပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချွန်ကျုံးကျေးရွာက အရပ်သားနေအိမ် ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာဟာ ဟားခါး-ဖလမ်းလမ်းပေါ် ဟားခါးမြို့အနီးမှာတည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ခံရတဲ့ ကျေးရွာဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၃၀ ရက်နေ့က ချင်းလဲန်းကောင်စီ(CC) လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ ကီယမ်တောင်တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူသွားတယ်လို့ CDF-Hakha တာဝန်ရှိသူတွေဆီက သိရပါတယ်။
အဲဒီတပ်စခန်းကို စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ အင်အား ၂၀၀ ကျော်နဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက နေ့ညမပြတ် မြေပြင်ကနေ ထိုးစစ်ဆင်သလို လေကြောင်းကနေလည်း အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးရတာဖြစ်တယ်လို့ CDF-Hakha က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကီယမ်တောင်တပ်စခန်းက ဟားခါးမြို့နဲ့နီးတော့ ဟားခါးကနေ ထိုးစစ်ဆင်ဖို့ အဆင်ပြေတဲ့နေရာဖြစ်တယ်။ ပြီးတော့ စစ်ရေးအရအချက်ချာကျတဲ့ တပ်စခန်းဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်အကျဆုံးမှုအများဆုံးနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်တယ်။ ကျွန်တော်တို့ကလည်း အတတ်နိုင်ဆုံးခုခံပေမဲ့ စစ်ကောင်စီက မြေပြင်ကနေ အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်သလို ဟားခါးမြို့ကနေလည်း လက်နက်ကြီးကျည်တွေပစ်ကူပေးနေတယ်။ လေကြောင်းကလည်း တိုက်ခိုက်နေတဲ့အခြေအနေမျိုးမှာ လက်လွှတ်လိုက်ရတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ကီယမ်တောင်တပ်စခန်းကလွဲလို့ ကျန် ဟားခါး – ထန်တလန်ကြား တပ်စခန်းအားလုံးကို CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – သေဆုံးသွားတဲ့ ချွန်ကျုံးကျေးရွာက မိသားစုဝင်တွေ အလောင်းကို တွေ့ရစဥ်