စစ်ကောင်စီရေတပ် အင်အားချည့်နဲ့လာလို့ ဒေသလေးခုက ရေတပ်လေးခုစုပေါင်းဌာနဖွဲ့စည်းဖို့ ပြင်ဆင်နေ ဒီဇင်ဘာ ၂၄ ဧရခဈေးရောင်းပွဲတော် စစ်ခေါင်းဆောင်တက်မယ်လို့ဆို
စစ်ကောင်စီရဲ့ ရေတပ်ဟာ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေမှာ သေဆုံးသူတွေများပြားနေတာကြောင့် ဖွဲ့စည်းပုံပျက်စီးနေပြီး ဟိန်းဇဲ၊ မော်လမြိုင်၊ ဟိုင်းကြီးနဲ့ ကိုကိုးကျွန်းတို့မှာရှိတဲ့ ရေတပ်စခန်းတွေကို စုပေါင်းပြီး ဌာနတစ်ခုအနေနဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ CJ Platform ရဲ့ တပ်တွင်းရင်းမြစ်ဆီက သိရပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အမှတ်(၂) ဗျူဟာ စစ်ရေယာဉ်စု-ရဗစ(ဟိန်းဇဲ) ၊ မော်လမြိုင်မြို့ရှိ မောရဝတီရေတပ်စခန်းဌာနချုပ်(မရခ)၊ ရန်ကုန်တိုင်း၊ ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီရေတပ်စခန်းဌာနချုပ်(ပရခ)၊ ရေတပ်ရေဒါယူနစ်ရှိရာ ကိုကိုးကျွန်းအခြေစိုက်စခန်းတွေကို စုပေါင်းဖွဲ့စည်းဖို့ ပြင်ဆင်နေတာပါ။
“ရေတပ်ထဲမှာ မင်းအောင်လှိုင်ကို မုန်းတီးနေသူတွေ အရမ်းများနေပြီ။ တပ်မတော်ရေ နှစ်ပတ်လည်နေ့ကိုလည်း တပ်မိသားစုတွေ မတက်မနေရ တက်ခိုင်းထားတယ်” လို့ CJ Platform ရဲ့ တပ်တွင်းရင်းမြစ်က ပြောပါတယ်။
(၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်ပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့ရတဲ့ စစ်ကောင်စီဟာ ဒီနှစ်မှာတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကျရောက်မယ့်(၇၇)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်ပွဲကို ခမ်းခမ်းနားနားလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တပ်တွင်းသတင်းရင်းမြစ်ရဲ့ သတင်းပေးပို့မှုအရ ကိုဩဒိနိတ်အမှတ်(16.769518, 96.192618) မှာတည်ရှိတဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ်(ဧရခ)ရှိ ဘောလုံးကွင်းအတွင်းကျင်းပမယ့် စျေးရောင်းပွဲတော်ဆီ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။
“ဒီဇင်ဘာ ၂၄ မနက်ပိုင်းမှာ သံလျင်ရေတပ်ဆိပ်ကမ်းမှာ တပ်တော်ဝင်အခမ်းအနားလုပ်မယ်။ ညနေ ၅ နာရီမှာ မင်းအောင်လှိုင်နဲ့ အဖွဲ့က သံလျင်ဆိပ်ကမ်းကနေ ဗိုလ်တထောင်သံလျက်စွန်းဆိပ်ကမ်းကို ကူးလာပြီးတော့ အခမ်းအနားကို တက်မယ်” လို့ CJ Platform ရဲ့ တပ်တွင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်တွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ရေတပ်ဟာ အထိနာနေပြီး စစ်သင်္ဘော သုံးစင်း၊ ဇက်သင်္ဘော နှစ်စင်းထက်မနည်း ပျက်စီးဆုံးရှုံးထားပြီး စစ်သင်္ဘော လေးစင်းထက်မနည်း ရေမချနိုင်တဲ့အထိ ပျက်စီးဆုံးရှုံးထားပါတယ်။
ဓာတ်ပုံ – အာရက္ခတပ်တော်
ပုံစာ – ရခိုင်ပြည်အတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီ ဇက်သင်္ဘောများ ပျက်စီးဆုံးရှုံးခဲ့ရပုံ (ပုံဟောင်း)