ရုရှားနဲ့စစ်ပွဲကို ရပ်တန့်လိုလို့ ယူကရိန်းသမ္မတပြော
အသက်တွေကို ကယ်တင်နိုင်ဖို့ ရုရှား-ယူကရိန်းစစ်ပွဲကို သံတမန်နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာပြီး စစ်ပွဲကို ရပ်တန့်လိုတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ ပြောဆိုလိုက်ပါတယ်။
ဇီလန်းစကီးဟာ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အရ ထရမ့်အပြင် ပြင်သစ်သမ္မတ မက်ခရွန်တို့နဲ့ ပြင်သစ်မှာ ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ပွဲကိစ္စဖြေရှင်းဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။
“ယူကရိန်းက ဒီစစ်ပွဲကို အခြားသူတွေထက် ပိုပြီးအဆုံးသတ်ချင်ပါတယ်။ သံတမန်ရေးရာနည်းလမ်းနဲ့ အဖြေရှာတာဟာ လူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ရှာဖွေနေပါတယ်” လို့ ဇီလန်းစကီးက ကိဗ်မြို့မှာ ဂျာမန်အတိုက်အခံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်နဲ့ ပူးတွဲပြုလုပ်တဲ့ ယမန်နေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။
ဇီလန်းစကီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဟီရ်နီကီဖိုရော့ဗ်ကလည်း ယူကရိန်းနိုင်ငံကို ခိုင်မာအားအကောင်းဆုံးဖြစ်စေမယ့် အမေရိကန်ပြည်ထောင်စုအပါဝင် ဥရောပမဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ဒီဇင်ဘာလအစည်းအဝေးတစ်ခုကို စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ထရမ့်နဲ့ မက်ခရွန်တို့နဲ့ တွေ့ဆုံစဉ်မှာ စစ်မျက်နှာတွေ ရပ်တန့်ထားဖို့ကိစ္စလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဇီလန်းစကီးက ဆိုပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပဒေသရဲ့ အကြီးမားဆုံးစစ်ပွဲအဖြစ် ယူကရိန်းကို ကျူးကျော်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့ ပိုင်နက် ငါးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
ဇလန်းစကီးက ရုရှားသမ္မတပူတင်ဟာ စစ်ပွဲကို အမှန်တကယ်ရပ်တန့်လိုတယ်လို့ သူမယုံကြည်ကြောင်းနဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ပူတင်ကို အတင်းအကြပ်ဖိအားပေးလုပ်ဆောင်မှသာ ရမယ်လို့လည်း ထရမ့်နဲ့ မက်ခရွန်တို့ကို ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဇီလန်းစကီးဟာ ယူကရိန်းရဲ့ လုံခြုံရေးအာမခံချက်ရဖို့အတွက် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) အဖွဲ့ဝင်မဖြစ်သေးခင်မှာ ဥရောပနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ယူကရိန်းမှာ ချထားဖို့ ကိစ္စကိုလည်း အလေးထားတင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မာခရွန်ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဆိုပြုချက်ဖြစ်တဲ့ ဥရောပနိုင်ငံတွေက တပ်ဖွဲ့တွေ ယူကရိန်းမှာ တပ်စွဲထားရေး အစီအစဉ်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်တယ်လို့လည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ (မက်ခရွန်ရဲ့ အဆိုပြုချက်ဟာ ဥရောပ ခေါင်းဆောင်တွေကြား သဘောတူညီမှုမရခဲ့ပါ။)
“ကျွန်တော်တို့ အီမန်နျူရယ်(မက်ခရွန်)ရဲ့ အဆိုပြုချုက်ကို စဉ်းစားပြီး လုပ်ဆောင်နိုင်ပါတယ်။ ယူကရိန်းက နေတိုးအဖွဲ့ဝင်မဖြစ်သေးချိန်မှာ ကျွန်တော်တို့ လုံခြုံရေး အာမခံချက်ပေးနိုင်မယ့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်ဖွဲ့တချို့ကို ယူကရိန်းပြည်တွင်းမှာ ထားရှိဖို့ သူက အကြံပြုခဲ့တာပါ” လို့ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။
“ဒါပေမဲ့ ယူကရိန်းဟာ ဥရောပသမဂ္ဂ(EU)နဲ့ နေတိုးအဖွဲ့ထဲ ဘယ်အချိန်မှာ ဝင်ခွင့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်” လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ စိတ်အားထက်သန်နေတဲ့ ယူကရိန်းဟာ လက်ရှိစစ်ပွဲရပ်တန့်ခဲ့ရင် ရုရှားရဲ့ နောက်ထပ်ကျူးကျော်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးအာမခံချက်တွေ လိုအပ်တယ်လို့ စစ်ပွဲတလျှောက် အခိုင်အမာပြောဆိုနေခဲ့တာပါ။
“ယူကရိန်းက နေတိုးအဖွဲ့ဝင် မဖြစ်သေးချိန်မှာ စစ်ပွဲရပ်ခဲ့ရင်၊ အကယ်၍ အဖွဲ့ဝင်ဖို့ ဖိတ်ခေါ်မှုရထားပေမယ့် ဝင်ခွင့်မရသေးချိန်မှာ စစ်ပွဲရပ်သွားခဲ့ရင် ကျွန်တော်တို့ လုံခြုံရေး အာမခံချက်ကို ဘယ်သူက ပေးမှာလဲ” လို့ ဇီလန်းစကီးက သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခဲ့ပါတယ်။
ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စနဲ့ ပတ်သက်ပြီ ဆွေးနွေးဖို့အတွက် လက်ရှိ အမေရိကန်သမ္မ ဂျိုးဘိုင်ဒင်နဲ့ လာမယ့်ရက်တွေမျာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဇလန်းစကီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“သူ(ဂျိုးဘိုင်ဒင်)က လက်ရှိသမ္မတဖြစ်ပြီး သူ့ရဲ့ သဘောထားအမြင်က အရေးပါပါတယ်။ ထရမ့်ကတော့ အခုအချိန်မှာ အိမ်ဖြူတော်ထဲ မရောက်သေးတဲ့အတွက် သူနဲ့ မသက်ဆိုင်တဲ့ ကိစ္စကို ဆွေးနွေးဖို့ မရှိပါဘူး” လို့ ဇလန်းစကီးက ပြောဆိုပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက် စွန့်လွှတ်ဖို့ တောင်းဆိုထားပြီး ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်မှုဟာ လက်မခံနိုင်တဲ့ လုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်ထားတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ- James Hill for The New York Times
ပုံစာ- ဇလန်းစကီး၊ ထရမ့်နဲ့ မက်ခရွန်တို့ ပဲရစ်မြို့မှာ အတူတွေ့ဆုံခဲ့ကြစဉ်
ကိုးကား- Reuters