နိုင်ငံရေးလုပ်ရန် ရွေးကောက်ပွဲအတွက်ပြင်ဆင်တာမဟုတ်ဘဲ တိုင်းပြည်ကောင်းဖို့ ဆောင်ရွက်ခြင်းလို့ စစ်ခေါင်းဆောင်ပြော ရေဘေးအလှူ ဘီလျံ ၅၀ ကျော် စစ်ကောင်စီ ရ

Author အကြင်နာ
Categories
Published on Oct 10, 2024

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနေသလို ရွေးကောက်ပွဲကျင်းပနိုင်ရေးလည်း ကြိုတင်လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်ပြောပါတယ်။

 

ယမန်နေ့ အောက်တိုဘာ ၉ ရက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ တတိယအကြိမ်ရေဘေးအလှူငွေလက်ခံပွဲမှာ ၎င်းက ထည့်သွင်းပြောကြားသွားတာပါ။

 

ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

ယမန်နေ့ ရန်ကုန်မှာကျင်းပတဲ့ ရေဘေးအလှူခံပွဲမှာ စုစုပေါင်း ကျပ် ၁၁ ဒသမ ၉၇ ဘီလျံကျော် ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပထမအကြိမ်မှာ ကျပ် ၃၂ ဘီလျံကျော်နဲ့ ဒုတိယအကြိမ်မှာ ဆယ်ဘီလျံကျော်ရခဲ့ပြီး အခုတတိယကြိမ်အပါအဝင် ကျပ်ဘီလျံ ၅၀ ကျော်ရရှိခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ တတိယပတ်အတွင်းမှာတော့ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကျပ် ၃၀ ဘီလျံသုံးစွဲမယ်လို့ ၎င်းက ပြောထားပါသေးတယ်။

 

စစ်ခေါင်းဆောင်ဟာ အောက်တိုဘာ ၈ ရက်နေ့မှာ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေအပါအဝင် တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ ဒလတံတားစီမံကိန်းတို့ဆီ သွားရောက်ခဲ့ပါတယ်။

 

ရွေးကောက်ပွဲပြန်လုပ်ဖို့ဟာ စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပြီး ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲမယ်ဆိုတာကိုလည်း အတိအလင်းပြောဆိုထားသလို အဲဒီရည်မှန်းချက်ကို တစိုက်မတ်မတ်အကောင်အထည်ဖော်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့က ပြောသွားပါတယ်။

 

နိုင်ငံရေးမှာ ရိုးသားမှုမရှိပါက ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားရမယ်ဆိုတာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုတွေ့မြင်ရမှာဖြစ်တယ်လို့လည်း ၎င်းက ပြောသွားပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC