ငလျင်ကြောင့် ပူဆွေးနေကြရချိန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာနေရာတွေမှာ သင်္ကြန်မကျင်းပဖို့ ထုတ်ပြန်

Author CJ Platform
Categories
Published on Apr 01, 2025

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာနေရာတွေမှာ လာမယ့် သင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲတော်မကျင်းပဖို့ PSLF/TNLA က ဒီကနေ့ ညနေမှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်သင့်နေချိန် PSLF/TNLA ထိန်းချုပ်ထားရာ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်ပွဲကျင်းပဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။

 

တအာင်းဒေသအတွင်း သင်္ကြန်ပွဲတော်ကျင်းပဖို့ စီစဉ်ထားရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က

ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တာကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့  သင်္ကြန်ပွဲတော် ကျင်းပခြင်းကို  ဖျက်သိမ်းခဲ့တာလို့ သိရပါတယ်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကလည်း လားရှိုးမြို့သမိုင်းတလျောက်မှာ အစည်ကားဆုံးလုပ်မယ်ဆိုပြီး သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်မဏ္ဍပ်အားလုံးကို ငလျင်လှုပ်ခဲ့တဲ့ နေ့မှာပဲ ဖျက်သိမ်းခဲ့ပါတယ်။

 

ရန်ကုန်မြို့ရှိ ထိုင်းဘုရင့်သံရုံးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားကိုလည်း ကြေကွဲဖွယ် မြေငလျင်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ Royal Thai Embassy, Yangon က မတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါသေးတယ်။

 

စစ်ကောင်စီထိန်းချုပ်ထားရာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာတော့ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ သင်္ကြန်မဏ္ဍပ်တွေ ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး ပြည်သူတွေဆီကနေ သင်္ကြန်ပွဲတော် ကျင်းပရေးအတွက် အလှူငွေတွေပါ ကောက်ခံနေပါတယ်။

 

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်သွားခဲ့တာကြောင့် ယမန်နေ့ မတ်လ (၃၁)ရက်အထိ မြန်မာနိုင်ငံတဝန်းတွင် သေဆုံးသူ နှစ်ထောင်ကျော်ရှိပြီး ဒဏ်ရာရသူ လေးထောင်နီးပါးနဲ့ ပျောက်ဆုံးနေသူ သုံရာဦးခန့်ရှိနေပါတယ်။

 

ပုံစာ – ရန်ကုန်မြို့ရှိ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တစ်ခုကို မြင်ရပုံ