အာဏာသိမ်း လေးနှစ်ပြည့်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်က ဘာပြောခဲ့လဲ ?
စစ်ကောင်စီက အာဏာသိမ်းယူခဲ့တဲ့ လေးနှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် က “မေမေ လွတ်ကို လွတ်မြောက်ရမယ်။ မီးတောက်လိုပြင်းပြတဲ့ ဆန္ဒဟာ ဘာကြောင့်မှ မငြိမ်းစေရဘူး”လို့ ပြောကြားလိုက်ပါတယ်။
ယူကေမှာရှိတဲ့ မြန်မာသံရုံးကို သွားရောက်ပြီးတော့ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပြုရေး စာပို့တောင်းဆိုစဉ်မှာ ကင်မ်က ပြောကြားလိုက်တာပါ။
“မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက်မကြောက်မရွံ့ ကြိုးစားနေတဲ့ ၇၉ နှစ်အရွယ် အမျိုးသမီးကြီးကို မတရားချုပ်နှောင်ထားတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ် ဒီအတွက်လည်း သားတစ်ယောက်အနေနဲ့ အင်မတန် စိတ်ထိခိုက်ရတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ဒုတိယအကြိမ် အုပ်ချုပ်ခွင့်မရအောင် စစ်တပ်ရဲ့မတရား ဖမ်းဆီးချူပ်နှောင်ခံထားရတဲ့ မေမေလွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေအတွက် ကျွန်တော်မရပ်တန်း ကြိုးစားသွားမယ်။ စစ်အစိုးရဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကို အင်မတန်ကြောက်တယ်”လို့လည်း ကင်မ်ကပြောပါတယ်။
မြန်မာနိုင်ငံအတွက် အလုံးစုံပေးဆပ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း “မေမေချုပ်နှောင်ခံထားရတာ လေးနှစ်ရှိပါပြီ ဆယ်စုနှစ်များစွာ သူ့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီးတဲ့နောက်မှာပေါ့ မေမေချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူတွေအတွက် ဆက်ပြီးကြိုးစားပါ့မယ် ကျွန်တော့်အဖိုးက လွတ်လပ်ရေးရအောင် ကြိုးပမ်းနေဆဲမှာ လုပ်ကြံခံရတယ်။ ကင်ဆာရောဂါ ခံစားရတဲ့ ကျွန်တော့်အဖေလည်း နောက်ဆုံးအချိန်အထိ မေမေ့ကို တွေ့ခွင့်မရခဲ့ဘူး ကျွန်တော်တို့ ညီအစ်ကိုတွေလည်း အချိန်အတော်ကြာတဲ့အထိ မေမေ့ကိုတွေ့ခွင့်မရခဲ့ဘူး။ ဒါတွေဟာ ကျွန်တော်တို့ မိသားစု ခံစားခဲ့ရတဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံတွေဖြစ်တယ်”လို့ ကင်မ်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့လည်း ကင်မ်က ပြောပါတယ်။
ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကတော့ ကင်မ့်ကို ထွက်မတွေ့ခဲ့သလို စာကိုလည်း လက်ခံရယူခဲ့တာ မရှိတာကြောင့် ကင်မ်ဟာ သူ့ရဲ့ တောင်းဆိုစာကို စာထည့်ပေါက်ကနေပဲ ထည့်သွင်းထားရှိခဲ့ရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်