အမ်းနဲ့တောင်ကုတ်မှာ စစ်ကောင်စီဗုံးကြဲလို့ နှစ်ရက်အတွင်း အရပ်သား ၁၄ ယောက်သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရ
ရခိုင်ပြည်၊ အမ်းနဲ့တောင်ကုတ်မြို့နယ်တို့မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ နှစ်ရက်အတွင်း အရပ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ် မောင်းကျေးရွာနဲ့ စိန်ကန်ထွေကျေးရွာတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး အတည်ပြုဖို့ ကျန်ရှိသူတွေလည်း ရှိနေပါသေးတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ မောင်းကျေးရွာက အရပ်သားတွေဖြစ်ပြီး စိန်ကန်ထွေ ကျေးရွာက ထိခိုက်သေဆုံးမှုကိုတော့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် အတည်ပြုမရနိုင်သေးဘူးလို့ မောင်းကျေးရွာက အသက် ၃၂ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၁၀ နာရီလောက်မှာ လာကြဲတာ။ ကလေးမလေးနဲ့ သူ့အမေက ခေါင်းပြတ်သွားတယ်။ ဗုံးက သုံးလုံး ကြဲတာပါ။ နောက်တစ်ရွာက စိန်ကန်ထွေ ရွာလေးပါ။ ဖုန်းလိုင်းတွေမရလို့ သတင်းတွေ မသိရဘူး”လို့ သူက ဆိုပါတယ်။
မောင်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရသူများမှာ မဝတ်ရည်ဝင်း ၁၄ နှစ်၊ မစုမြတ်ဝင်း ၁၄ နှစ်၊ ကိုနိုင်လင်းစိုး ၃၁ နှစ်၊ ဒေါ်မကျန်တင် ၄၈ နှစ်နဲ့ ဒေါ်ကျန်တင် ၄၉ နှစ်တို့ ဖြစ်ပါတယ်။
မစုမာဖြိုး ၁၇ နှစ်၊ ကိုမောင်ဖြူချေ ၃၆ နှစ်၊ ဒေါ်ခင်ခင်စန်း ၄၇ နှစ်၊ ဦးသောင်းအေး (၅၆) နှစ်နဲ့ ဒေါ်တင်အေး (၆၅)နှစ်တို့မှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ပါတယ်။
လူသေဆုံးမှုများခဲ့တဲ့ မောင်းကျေးရွာဟာ တောင်ကုတ်မြို့နဲ့ ငါးမိုင်ခန့်သာ ကွာဝေးပါတယ်။
အောက်တိုဘာလ ၂၉ ရက်ကလည်း အမ်းမြို့နယ်၊ လေယာဉ်ကွင်း ရပ်ကွက်နဲ့ အေးမြသာယာရွာသစ် (ဂျင်ကုန်းကျေးရွာ) အပါအဝင် ရပ်ကွက်အချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ မြို့ပေါ်ကရပ်ကွက်မှာ သေဆုံးတဲ့ အရေတွက်ပဲ သေချာသိနိုင်တယ်။ လိုင်းတွေက ဖြတ်တောက်ထားတော့ ရွာဘက်တွေမှာ ထိခိုက်တာ ဘယ်လောက်ရှိတယ်ဆိုတာတော့ ကျနော်လည်း မသိဘူး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း တောင်ကုတ်မြို့နယ်၊ ချောင်းခွကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အမ်းမြို့အနားက ရပ်သာရွာသစ်၊ ရပ်သာရွာဟောင်း၊ ပျဉ်းတောကြီး၊ ကြောင်ဖြူကွင်းရွာနဲ့ ဂွေးကိုင်းရွာတို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမဲ့ ဒေသခံတွေဟာ တိုက်ပွဲကြောင့် ဘေးလွှတ်ရာ နေရာကို အချိန်မီ တိမ်းရှောင်နေခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီဟာ ရခိုင်ပြည်က မြို့နယ်အများစုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာလအတွင်း CJ Platform က ကောက်ယူထားတဲ့ စာရင်းအရ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးသူ ၈၅ ယောက် အထိရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အောက်တိုဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရပြီးနောက် တောင်ကုတ်နဲ့ ကင်းတောင်ရွာကို တွေ့မြင်ရစဉ်။