၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီရန်နိုင်ငံက တက်ကြွလှုပ်ရှားသူ နားဂျက် မိုဟာမက်ဒီ (Narges Mohammadi) ဆွတ်ခူးရရှိ

Author အဂ္ဂ
Categories
Published on Oct 07, 2023

ဖမ်းဆီးထိန်းသိမ်းခံထားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်သည့် အီရန်နိုင်ငံသူ နားဂျက်မိုဟာမက်ဒီ (Narges Mohammadi) သည် ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။

အသက် ၅၁ နှစ်အရွယ်ရှိ မစ္စ မိုဟာမက်ဒီ (Ms. Mohammadi) သည် အီရန်နိုင်ငံအတွင်း အမျိုးသမီးများအပေါ် ဖိနှိပ်မှုကို ခုခံတွန်းလှန်ခဲ့သည့်အတွက် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်ဟု နော်ဝေ နိုဘယ်ဆုကော်မတီက ဆုပေးခဲ့ရသည့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

ကော်မတီ ဥက္ကဋ္ဌ ဘဲရစ်ရီးစ် အန်ဒါဆန် (Berit Reiss-Anderson) ကလည်း မစ္စ မိုဟာမက်ဒီ(Ms Mohammadi) ၏ ရုန်းကန်မှုများသည် “ကြီးကြီးမားမားကိုယ်ကျိုးစွန့်အနစ်နာခံမှု” များအဖြစ် မြင်တွေ့ခဲ့ရသည်ဟု ပြောကြားသည်။

မစ္စ မိုဟာမက်ဒီ (Ms.Mohammadi) သည် လက်ရှိတွင် အီရန်နိုင်ငံ၌ ထောင်ဒဏ် (၃၁) နှစ်ကျခံနေရပြီး ကြိမ်ဒဏ် (၁၅၄) ချက် ပြစ်ဒဏ်ကျခံရန်လည်း အမိန့်ချမှတ်ခံထားရသည်ဟု သူကမ ဆက်ပြောသည်။

နော်ဝေးနိုင်ငံ အော်စလို (Oslo) မြို့၌ သောကြာနေ့က ပြုလုပ်ခဲ့သော အခမ်းအနားတွင် မစ္စ ရီးစ်အန်ဒါဆန် (Ms. Reiss-Anderson) က “အီရန်ရှိ အမျိုးသမီးများ ဖိနှိပ်ခံနေရခြင်းကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်အပြင် လူသားအားလုံးအတွက် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင်ရန် တွန်းလှန်တိုက်ခိုက်ခဲ့မှုများအတွက်” မစ္စ မိုဟာမက်ဒီ (Ms. Mahammadi) ကို ဂုဏ်သတင်းကြီးမားသောဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

သူမ၏ မိန့်ခွန်းကိုလည်း မကြာသေးမီက အီရန်နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြပွဲများ၏ ဆောင်ပုဒ်ကို ရည်ညွှန်း၍ “အမျိုးသမီး – ဘဝ – လွတ်လပ်မှု” (woman – life – freedom) ဆိုသည့် စကားလုံးများဖြင့် စတင်ခဲ့သည်။

သူမရရှိခဲ့‌သောဆုသည် လွန်ခဲ့သည့် နှစ်များအတွင်း “ဘာသာရေးလွှမ်းမိုးကြီးစိုးလွန်းသော အစိုးရ၏ ပေါ်လစီများနှင့် အမျိုးသမီးများကို ပစ်မှတ်ထား ဖိနှိပ်ခြင်း” တို့ကို ဆန့်ကျင် ဆန္ဒပြခဲ့သည့် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသော အီရန်နိုင်ငံသား ထောင်ပေါင်းများစွာတို့ကို အသိအမှတ်ပြုရည်ညွှန်းသည်ဟု အသစ်စက်စက် နိုဘယ်‌ဆုရှင်ကအကျဉ်းထောင်တွင်းမှ ပြောကြားခဲ့သည်။

ကမ္ဘာတဝန်းက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ အီရန်နိုင်ငံသား သန်းပေါင်းများစွာသည်လည်း ယခုလို ဆုရခြင်းအတွက် ကောင်းချီးဩဘာပေးနေပေလိမ့်မည် ထင်ပါသည်။

နိုဘယ်ဆုကော်မတီ၏ ဆုံးဖြတ်ချက်ကိုလည်း ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသည့် အချက်ပြမှုအဖြစ် အီရန်နိုင်ငံအာဏာပိုင်များထံ ပေးပို့ခဲ့သေးသည်။

အီရန်နိုင်ငံအနေဖြင့် မစ္စ မိုဟာမက်ဒီ (Ms. Mohammadi) ကို ဒီဇင်ဘာလတွင်ကျင်းပမည့် ဆုပေးပွဲ အခမ်းအနားတက်ရောက်နိုင်ရန်အတွက် အကျဉ်းထောင်မှ လွှတ်ပေးဖို့ကိုလည်း မစ္စ ရီးစ်အန်ဒါဆန် (Ms. Reiss-Anderson) က အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

“အကယ်၍ အီရန်အာဏာပိုင်တွေကသာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချပြီး သူမကို လွှတ်ပေးခဲ့ရင် ဒီလိုဂုဏ်ပြုမှုကို လက်ခံဖို့ သူမကိုယ်တိုင်ရှိနေမှာပါ၊ ဒီလိုဖြစ်ဖို့ကလည်း ကျွန်မတို့ အဓိကမျှော်လင့်ထားတာပါပဲ” ဟု သူမက ပြောခဲ့သည်။

သို့သော် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုဘယ်ဆုရှင်သည် ဆုကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရယူနိုင်မည့် အရိပ်အယောင် မတွေ့ရသေးပါ။

ကုလသမဂ္ဂအဖွဲ့(UN) က “ဒါဟာ အီရန်နိုင်ငံကအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေဖြစ်ပြီး ကမ္ဘာကြီးကို သူတို့တွေ ဘယ်လိုမျိုး လှုံ့ဆော်နိုင်ခဲ့လဲဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်” ဟု အဆိုပါ ‌ဆုကို မီးမောင်းထိုးပြောကြားခဲ့သည်။

မစ္စ မိုဟာမက်ဒီ (Ms. Mohammadi) သည် ယခု နှစ်ရှည်ထောင်ဒဏ်အပြင် ယခင်ကလည်း (၁၃) ကြိမ် အဖမ်းခံခဲ့ရပြီး (၅) ကြိမ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာက သူမသည် ဆန္ဒပြပွဲများတွင် ဖမ်းဆီးထိန်းသိမ်းခံရသော အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက်စော်ကားခံရမှုကြောင့် မချိမဆန့် ဝေဒနာခံစားခဲ့ရမှုများ၏ အသေးစိတ်အချက်အလက်များကို BBC သတင်းဌာနသို့ အကျဉ်းထောင်တွင်းမှ စာရေးသားပေးပို့ခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အသက် (၂၂) နှစ်အရွယ် မာဆာ အာမီနီ (Mahsa Amini) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားရာမှ သေဆုံးခဲ့သည့်အတွက် ဖြစ်ပွားလာသည့် ဆန္ဒပြပွဲများအတွင်း ယခုကဲ့သို့ စော်ကားမှုများမှာ ပိုမိုအဖြစ်များလာကြောင်း သူမက ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် မငြိမ်သက်မှုများသည် နိုင်ငံအနှံ့ပြန့်ပွားသွားခဲ့ပြီး ပိုမိုလွတ်လပ်မှုကို တောင်းဆိုခြင်းမှသည် လက်ရှိအစိုးရကို ဖြုတ်ချလိုခြင်းအထိ အရှိန်မြှင့်တက်လာခဲ့သည်။

အီရန်အမျိုးသမီးများ၏ သူတို့ခေါင်းစွပ်များကို မီးရှို့ပစ်နေသည့် ပုံရိပ်သည်လည်း ကမ္ဘာကို ညှို့ယူ ဖမ်းစားနိုင်ခဲ့သည်။

အီရန်အာဏာပိုင်များက ဆန္ဒပြပွဲများကို ရက်ရက်စက်စက် နှိမ်နင်းဖြိုခွင်းမှုပြီးသည့်နောက်ပိုင်းတွင်မူ ဆန္ဒပြပွဲများ အကြီးအကျယ် လျော့ကျသွားခဲ့သည်။

မစ္စ မိုဟာမက်ဒီ (Ms. Mohammadi) သည် လူ့အခွင့်အရေး ခုခံကာကွယ်သူများ စင်တာ (Defenders of Human Right Center)၏ လက်ထောက်အကြီးအကဲလည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က သူမသည် BBC ၏ ကမ္ဘာတစ်ဝှန်းမှ လှုံဆော်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော ထင်ရှားကျော်ကြားသူ အမျိုးသမီး (၁၀၀) စာရင်းထဲတွင်လည်း ပါဝင်ခဲ့သည်။