၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များဆို

Author ကိုထားဝယ်
Categories
Published on Nov 02, 2023

အောင်ပွဲအလီလီခံနေသော ညီနောင်သုံးဖွဲ့၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများကို ထောက်ခံကြိုဆိုကြောင်း ဒေသအသီးသီးက ကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အချို့နှင့် လူငယ်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ကြေညာချက် ထုတ်ပြန်ထားကြသည်။

ချင်းအမျိုးသားတပ်ဦး(CNF)၊ ယောကာကွယ်ရေးတပ်(YDF)၊ GZ Special Task Force-Wetlet၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့စစ်မဟာ‌ဗျူဟာ အကြံပေးဗျူရို၏ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ထို့ပြင် လူငယ်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ပခုက္ကူလူထုတိုက်ပွဲသပိတ်ကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ၊ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့က ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားကြသည်။

လတ်တလော ရှမ်းမြောက်ဒေသအတွင်း ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA ၊ ရခိုင်တပ် AA တို့၏ ပူးပေါင်းအဖွဲ့သည် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့တို့ကိုထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၉၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ထိုမြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများမှ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။