၀က်လက်မြို့နယ် ဖွင့်လိုင်းကျေးရွာတွင် ကျေးရွာပကဖ၊ ပအဖအပေါ် တောင်သူများ ဆန္ဒထုတ်ဖော်

Author မင်းထက်
Categories
Published on Jan 30, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဖွင့်လိုင်းရွာတွင် ကျေးရွာ ပကဖနှင့် ပအဖကို ရွာခံတောင်သူအင်အား ၃၀၀ ကျော်က ကျေးရွာပိုင်လယ်မြေကို တရာမျှတစွာ လုပ်ခွင့်မပေးသောဖြစ်စဥ်နှင့် ပတ်သက်၍ ကျေးရွာ ပကဖနှင့် ပအဖကို ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဒေသခံများက​ CJ Platform သို့ ပြောသည်။

 

ဖြစ်စဥ်မှာ  ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရွာခံတောင်သူလယ်သမားများက အလှည့်ကျ အစဥ်အဆက် မဲနှိုက် စိုက်ပျိုးလုပ်ကိုင်သောလယ် ၂၁ ဧကကို ကျေးရွာ ပကဖနှင့် ပအဖများက မဲနှိုက်မပေးဘဲ တပ်ဖွဲ့မှလုပ်ဆောင်ရန် သိမ်းယူမည်ဟုဆိုသောကြောင့်  ဆန္ဒပြခဲ့ကြကြောင်း တောင်သူလယ်သမားများက ပြောသည်။

 

၄င်းလယ်ယာမြေကို  ကျေးရွာဘုံပိုင်အဖြစ် အလှည့်ကျခွဲဝေလုပ်ကိုင်လာသည်မှာ ၈ နှစ်ခန့်ရှိပြီး ၂ နှစ် တစ်ကြိမ်မဲဖောက် လုပ်ကိုင်စားသောက်ကြကြောင်း ၊ ဇန်နဝါရီ ၂၈ ရက်က မဲနှိုက်ခွဲဝေရာတွင် နားလည်မှုမရရှိသောကြောင့်  ကန့်ကွက်ခဲ့မှုအပေါ် ပကဖနဲ့ ပအဖတို့က သူတို့ကိုယ်တိုင် လုပ်ကိုင်တော့မည်ဟု ပြောဆိုခဲ့ကြောင်း ကျေးရွာနေတောင်သူများက ပြောသည်။

 

“မဲက ၉ မဲတည်း ဖောက်ပေးမှာ အမှန်ဆို ၁၀ မဲရှိတယ်။ ဘာတွက်တစ်မဲကို ချန်တာလဲဆို ရင်း၂ ကိုလှူမှာမို့ပါဆိုတော့ ရွာသူရွာသားတွေကလည်း မဲကိုပုံမှန်တိုင်းလေးပဲ မဲကိုချပေးပါ။ လှူချင်ရင် လှူပေးပါ့မယ် ရလာတဲ့အကျိုးအမြတ်အပေါ် စပါး ၅၀ လား ၁၀၀လှူမလား ကြိုက်တဲ့အနေအထားနဲ့လှူလိုက် ကျွန်တော်တို့က တော်လှန်ရေးမှာ လက်နှေးတဲ့သူတွေ မဟုတ်ပါဘူး တင်ပြတဲ့အချိန် မဟုတ်ဘူး အထက်ရင်းက ချလာတဲ့အတွက် ၂ ဧက လှူကိုလှူရမယ်ပြောတယ်။ ဒီလိုချပေးရမယ်​ဆိုတဲ့ ဆရာက ဘယ်သူကချပေးတာလဲဆိုတော့ ရပ်ရွာရှေ့ချပြပါဆိုတာ့ ပေးကိုပေးရမယ် ပြောတယ်။ အဲ့ချိန်မှာသူတို့က  မင်းတို့ ဒီလိုမှ လှူဖို့တန်းဖို့ မလုပ်ရင်မညီရင် ငါတို့အဖွဲ့က လယ်ယာတွေ သိမ်ပြီးလုပ်မယ်” ဟု ကျေးရွာ ပကဖ နဲ့ ပအဖ အဖွဲ့က ဆိုကြောင်း  တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

 

ရွာသူရွားသားများက မြေဧကလှူဒါန်းမှုကို ကန့်ကွက်ခြင်းမှာ တော်လှန်ရေးကို ပုန်ကန်ခြင်းမဟုတ်ကြောင်း ၊ ၄င်းတို့ ပြောပိုင်ခွင့်အရသာ ပြောဆိုပြီး လယ်ယာမြေများမှ ရရှိသော အကျိုးအမြတ်ကို တော်လှန်ရေးတွင် ထည့်၀င်မည်ဟု ပြောဆိုခဲ့ကြသည်။ ၄င်းတို့အဖွဲ့အစည်းများ၏ ကျေးရွာအပေါ် ဆောင်ရွက်မှု လိုအပ်ချက်ကြောင့်သာ ဖြစ်ကြောင်းကိုလည်း  တောင်သူတစ်ဦးက ရှင်းပြပြောဆိုခဲ့သည်။

 

“ရှင်းတမ်းထုတ်ပေးပါ တောင်းတယ် မရေမရာဘဲ။ ကျွန်တော်တို့ ပြာသို၊ တပိုတွဲဆို စပါးရိတ် လယ်စုကိုပေးရတယ် စပါးတစ်ရာ ကို ၁၀ သိန်းနှုန်းဖြတ်ပြီး ကျေးရွာအတွက် ထည့်၀င်တယ်။ ကျွန်တော်တို့ရွာမှာ စပါးက ၂၁ ဧက ဆိုတော့ စပါးပေါင်း ၆၃၇ တင်းရတယ်။ အဲ့ကြတော့ တော်လှန်ရေးအတွက် လက်နက်ကိရိယာ ၀ယ်ရတယ် ညမှာ ကင်းစောင့်တော့ ကင်းကော်ဖီ ၊ ခြင်ဆေးခွေ ဒါနဲ့ပဲ ပြီးသွားတယ်။ ရပ်ရွာအကျိုး ဘာတစ်ခုမှ မဆောင်ရွက်ခဲ့ဘူး ကျန်းမာရေးတွက်လဲမပါ ကျောင်းသားတွေ အတွက်မပါ။ မိဘတွေမှာက အဆင်ပြေသူရှိမရှိ ကျောင်းတွက်ဘာမှ ပံ့ပိုးမှုမရှိ ဆရာဆရာမတွေဆိုတာလဲ  CDM ၀င်ထားတော့ တတ်နိုင်သလောက်ပံ့ပိုးဖို့ရာတွက် ကျောင်းသားလေးတွေကို ငွေကောက်ရတယ် ပအဖ ပကဖက ငွေတွေရှိရက်နဲ့ဘာမှ မပံ့ပိုးဘူး၊ ဒီလူတွေလက်အောက်မှာတော့ ဘယ်တော့မှ မတိုးတက်နိုင်ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

 

ဆန္ဒထုတ်ဖော်ရာတွင် ရွာအပေါ်မှာ မေတ္တမထား၊ စေတနာမထားသော ဖွင့်လိုင်းရွာ ပကဖနဲ့ ပအဖကို အလိုမရှိဆိုသည့် စာတန်းကိုင်ဆိုင်ခဲ့သလို အာဏာရှင်ဖြုတ်ချရေးဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

 

ကျေးရွာနေအနေဖြင့် ယခင်အစဥ်အဆက် တိုးတက်ခဲ့သော်လည်း ဆုတ်ယုတ်နေသောကြောင့် ကျေးရွာအပေါ် မေတ္တာထားကာ အများလက်ခံသော ပအဖ၊ ပကဖသာလျှင် အလိုရှိကြောင်း၊   NUG  ပုံရိပ်ကို ထိခိုက်စေလိုသော သဘောဖြင့် ဆန္ဒပြခြင်းမဟုတ်ကြောင်း ရပ်ကျေးပရဟိတ လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

 

” ဆန္ဒထုတ်ဖော်တာက ဒီ လယ်ယာအပေါ်လဲ တော်လှန်ရေး အတွက်ဆိုပြီး ဘာတစ်ခုမှ ရှင်းတမ်းမထုတ် ရပ်ရွာကနေ ဆန္ဒထုတ်ဖော်တာပါ။ NUG ပုံရိပ်ကို မထိခိုက်စေလိုဘူး။ သူတို့က လက်၀ါးကြီးအုပ်ချင်တယ်။ ဒီအပြင် ဘေးရွာတွေက ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေကို ရပ်ရွာပေါ်အလှူခံပြီး ကျွေးမွေးတယ်ဆိုရင် ဒီအပေါ်ရပ်ရွာ ပအဖပကဖက NUG က အလှုမခံရဘူး မကျွေးရဘူးဆိုပြီး ဘာတစ်ခုမှ မကျွေးခိုင်းမလုပ်ခိုင်းပါဘူး။ သူတို့လဲမကူညီဘူး ပိတ်ပင်တယ်။ ရပ်ရေးရွာရေး ကာကွယ်ရေး ၊ တိုးတက်ရေး လုပ်ဆောင်တာ မရှိသလောက်ပဲ ” ဟု ပြောသည်။

 

ထို့အပြင် ဆန္ဒထုတ်ဖော်ခြင်းကို ပကဖနှင့် ပအဖဘက်က မုဆိုးခြုံဘူတာမှာရှိသည် NUG လက်အောက်ခံ ရဲ ၅ ဦးကို ခေါ်ဆောင်လာခဲ့ပြီး ဆန္ဒပြမှုဖြစ်စဥ်သည် NUG၏ ပုံရိပ်အား ထိခိုက်စေသည်ဟုဆိုကာ ဆန္ဒပြခြင်းကိုရပ်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း ၊ ထို့အပြင် မြေယာနှင့် ပတ်သက်ပြီး ဖြေရှင်းရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်း ပေးသွားကြောင်း ၊  ကော်မတီကို ရွာသူရွာသား၁၀ ဦးနှင့် ကျေးရွာ ပကဖ ၊ ပအဖ အဖွဲ့၀င်  ၃ ဦးဖြင့် စုစုပေါင်း ၁၃ ဦးဖြင့် ကော်မတီတရပ် ဖွဲ့စည်းပေးခဲ့ကြောင်း ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

“ရင်း ၂ ကို လုပ်ပေးမယ်ဆိုတော့ မကျေနပ်ကြလို့ ဆန္ဒပြကြတာပေါ့။ နည်းနည်း ငွေရေးကြေးရေး ရန်ပုံငွေ အသုံးအစွဲတွေများပြီး ရှင်းတမ်းတွေမရှိ သဘောမတူကြတော့ ရွာက ဆန္ဒပြကြတာပါ။ ဆန္ဒတွေ ထုတ်ဖော်ပြီးတဲ့အချိန်မှာ ညနေပိုင်းမှာ မြို့နယ် ပအဖ အုပ်ချုပ်ရေး ဒေါက်တာဆန်းမင်းအောင်နဲ့ ပကဖမြို့နယ်တာ၀န်ခံ ကိုနေမျိုးအောင်တို့ လာတဲ့အချိန်မှာသူတို့က ကျေးရွာ ပအဖရော၊ ပကဖပါ မဖြုတ်ဖို့ရာ ဇောင်းပေးပြီးသူတို့က​ အုပ်ချုပ်ရေးဘက်ပါပြီး ပြောသွားတယ်။ ပြည်သူတွေကတော့ လက်မခံဘူး ။အမှုတွဲထိ တက်ဖို့ ရှိတယ်။ ရှိပေမဲ့ ဆောင်ရွက်ဆဲအနေထားတစ်ခုပါ”  ဟု  မြို့နယ်တွင်း NUGနှင့် နီးစပ်သူ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည်။ ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တပ်ရင်း ၂ နဲ့ ပတ်သက်၍ မတရားသော အမှုကိစ္စများကို  NUG အစိုးရထံ မကြာခဏတိုင်ကြားလေ့ရှိကြောင်း ဒေသခံများနှင့် NUG ဆိုင်ရာ အသိုင်းအ၀ိုင်းထံမှ သိရသည်။ ထို့ပြင် ကျေးရွာ ပကဖ၊ ပအဖများကလည်း ဒေသဆိုင်ရာ လုံခြုံရေးအတွက်ဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်း သိရသည်။

 

ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဖွင့်လိုင်းရွာပကဖ နှင့် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ကို CJ Platform ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

 

ရွာဘုံအသုံးပြုနေသော လယ်မြေမျေားကို ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ဖွင့်လိုင်းရွာ အမျိုးသမီးကြီးတစ်ဦးက  ပိုင်ဆိုင်ခဲ့ကြောင်း ၊ ရွာဖွံ့ ဖြိုးရေးအတွက်အသုံးပြုရန် ထိုအမျိုးသမီးသေဆုံးချိန်တွင် လှူဒါန်းထားခဲ့ကြောင်း သိရသည်။