ဧရာဝတီတိုင်းအတွင်းရှိ ဖုန်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် Mytel ဖုန်းကဒ်၊ Ruby ဆေးလိပ်နှင့် မြန်မာဘီယာများ ရောင်းချရန် စစ်ကောင်စီမှ လိုက်လံ ဖိအားပေး

Author စကားဝါ
Categories
Published on Jul 28, 2023

ဧရာဝတီတိုင်း မြို့နယ်အသီးသီးရှိ ဖုန်းဆိုင်များ၊ ကုန်စုံဆိုင်များတွင် Mytel ဖုန်းကဒ်နှင့် ငွေဖြည့်ကဒ်များ ရောင်းချခြင်း ရှိမရှိ၊ Ruby ဆေးလိပ် ရောင်းချခြင်း ရှိမရှိနှင့် စားသောက်ဆိုင်များတွင် မြန်မာဘီယာများ ရောင်းချခြင်း ရှိမရှိအား စစ်ကောင်စီတပ်မှ လိုက်လံစစ်ဆေးပြီး အချက်အလက်များ ကောက်ခံနေကြောင်း ဒေသခံ ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

ဇူလိုင်လ ၂၅ရက်နေ့မှ စတင်ကာ မြို့ပေါ်ရှိ ဖုန်းဆိုင်များနှင့် ကုန်စုံဆိုင်များတွင် Mytel ဖုန်းကဒ်များ မည်သည့်အတွက် ရောင်းချခြင်း မရှိသည်ကို စစ်ကောင်စီတပ်မှ လိုက်လံမေးမြန်းကာ လစဉ် သတ်မှတ်စံနှုန်းတစ်ခုဖြင့် ရောင်းချရန် ဖိအားပေး ခိုင်းစေခဲ့သည်။

“Mytel ငွေဖြည့်ကဒ်ရောင်းလားလို့ အဖွဲ့စုံနဲ့ လာမေးတယ်၊ ဝယ်သူနည်းလို့ မရောင်းပါဘူးဆိုတာကို နောက်ကျတင်ရောင်းရမယ် လာထပ်စစ်မယ်လို့ ပြောသွားတယ်၊ တစ်လကို တစ်သိန်းဖိုး အနည်းဆုံးတင်ရောင်းရမယ်ဆိုပြီး ပြောသွားတယ်”ဟု သာပေါင်းမြို့ရှိ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် စားသောက်ဆိုင်များကိုလည်း စစ်ကောင်စီတပ်မှ လိုက်လံစစ်ဆေးပြီး မြန်မာဘီယာများ တင်ရောင်းရန် ဖိအားပေး ခိုင်းစေခဲ့သည်။

“ဆိုင်မှာက တူးပို့စည်ပဲ အဓိကရောင်းတာ၊ မြန်မာပုလင်း ဘာလို့ တင်မရောင်းလည်း လာရစ်တယ်၊ သောက်တဲ့သူနည်းလို့ပါ ပြောတာကို ဒီလောက် ကံစမ်းမဲတွေပေးနေတာ မင်းတို့ရောင်းရမယ် နောက်ရက်ပြန်လာစစ်မယ်ဆိုပြီးတော့ ပြောသွားတယ်၊ ငတ်နေကြလို့ ထင်တယ်”ဟု ကျုံပျော်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအား ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီခြင်း မပြုရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖြစ် စစ်ကောင်စီထုတ်ကုန်များအား ပြည်သူများမှ သပိတ်မှောက်ထားခြင်းကြောင့် စစ်ကောင်စီမှ ၎င်းတို့ စိုးမိုးနယ်မြေများတွင် စစ်တပ်ထုတ်ကုန်များအား အတင်းအကြပ်ရောင်းချခိုင်းနေခြင်း ဖြစ်သည်။