ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးအား စစ်ကောင်စီမှ ပုသိမ်ထောင်သို့ ပို့ဆောင်ထားဟုဆို

Author ပိုင်ပိုင်
Categories
Published on Dec 30, 2022

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးအား စစ်ကောင်စီမှ ပုသိမ်မြို့ရှိ အစိုးရအဖွဲ့ အိမ်ယာရှိနေအိမ်မှ ပုသိမ်ထောင်သို့ ပြောင်းလဲပို့ဆောင်ခဲ့ကြောင်း ဒေါက်တာလှမြတ်သွေးနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီသည် အာဏာစသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးချုပ် ဦးလှမိုးအောင်အပါအဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌတို့အား မည်သည့် အမှုမှ ဖွင့်လှစ်ခြင်းမရှိဘဲ အကြောင်းမဲ့ ပုသိမ်မြို့ တောင်ပေါ်လမ်းရှိ အစိုးရအဖွဲ့ အိမ်ယာအတွင်း ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စစ်ကောင်စီမှ ထိန်းသိမ်းထားသည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတို့အား နေအိမ်များသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း ဒေါက်တာလှမြတ်သွေးကိုမူ အမှုဖွင့်လှစ်ကာ ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အန်တီ့ကို ဒီညနေမှာ ပုသိမ်ထောင်ကို ပို့လိုက်တယ်လို့ သတင်းကြားပါတယ်၊ ဘာတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး၊ သတင်းတွေ ကြားရသလောက် အန်တီနဲ့ စကစက ညှိနှိုင်းမှုတွေ လုပ်ဆောင်တာမှာ အန်တီက လုံးဝ လက်မခံဘူးလို့ ကြားတယ်၊ အဲ့ဒါကြောင့် အမှုကောက်ဖွင့်ပြီးတော့ ပုသိမ်ထောင်ကို ပို့လိုက်တာလို့ သိရတယ်”ဟု ဒေါက်တာလှမြတ်သွေးနှင့် နီးစပ်သူ တစ်ဦးမှ ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ရက်နေ့တွင် ဝန်ကြီးဒေါက်တာလှမြတ်သွေးမှ အစိုးရဝန်ထမ်းအားလုံးအား ပြည်သူ့အစိုးရအဖွဲ့ မဖွဲ့စည်းမှီအထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တစ်စောင်အား ထုတ်ပြန်ခဲ့ဖူးပြီး ထိုအချိန်က စစ်ကောင်စီမှ ဆက်သွယ်ရေးဥပဒေများဖြင့် အမှုဖွင့်လှစ်ခဲ့သည်ဟု သတင်းစကားများ ထွက်ပေါ်ခဲ့ဖူးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ဒေါက်တာလှမြတ်သွေး