ဥကထရစ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိလက်နက်တွေကို Cobra တပ်ဖွဲ့ ထုတ်ပြန်

Author CJ Platform
Categories
Published on Jul 13, 2025

ကရင်ပြည် မြဝတီမြို့နယ် တောင်ပိုင်း ဥကထရစ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို Cobra Column တပ်ခွဲ ၂ က ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

မြဝတီ-ဝေါလေကားလမ်းမနံဘေးမှာရှိတဲ့ ဥကထရစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ Cobra Column စစ်ကြောင်း ၁ တပ်ခွဲ ၂ (PKYY) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ ဇူလိုင် ၁၂ ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သက်ရှိစည်းရိုးလို့ စစ်ကောင်စီဝါဒ ဖြန့်ခေါ်ဝေါ်တဲ့ ဥကထရစ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်ခဲယမ်း အများအပြားကို KNLA/PDF ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်လာတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခဲ့ရတယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

 

ဥကထရစ်တပ်စခန်းဟာ စစ်ကောင်စီ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၅၅၈ ခြေမြန်တပ်ရင်း အခိုင်အမာ ခြေကုပ်ယူတပ်စွဲထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ခဲ့ပေမဲ့ အဲဒီအချိန်က စစ်ကောင်စီရဲ့ အပြင်းအထန် ခုခံမှုကြောင့် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Cobra Column စစ်ကြောင်း ၁ ၊ တပ်ခွဲ ၂။

 

 

Related News

Depend on news