အာဏာသိမ်းမှုအလွန် ယခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီထံသို့ စွမ်းအင်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်ထားပြီး အမေရိကန်ဒေါ်လာ ၃ဒသမ၈ဘီလီယံကျော်အထိရှိ

Author လင်းခိုင်
Categories
Published on Nov 02, 2022

၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ စက်တင်ဘာလအထိ စစ်ကောင်စီထံသို့ စွမ်းအင်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု အများဆုံး၀င်ရောက်ထားပြီး အမေရိကန်ဒေါ်လာ ၃ဒသမ၈ဘီလီယံကျော်ထိရှိကြောင်း ISP Myanmar ၏ အချက်အလက်များအရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက် စွမ်းအင်ကဏ္ဍသို့ အများဆုံး၀င်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ဒသမ၈ဘီလီယံကျော်၊ ဒုတိယအများဆုံးအဖြစ် ၀န်ဆောင်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်နှင့် တတိယအများဆုံးဖြစ်သည့် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် သန်း ၆၀၀ ကျော်၀င်ရောက်ခဲ့ပြီး၊ သတ္ထုတူးဖော်ရေးနှင့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု လုံး၀၀င်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အာဏာသိမ်းမှုအလွန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား လအလိုက်နှိုင်းယှဉ်ကြည့်ပါက ၂၀၂၁ မေလတွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ကျော်ဖြင့် အများဆုံး၀င်ရောက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် အမေရိကန် ဒေါ်လာ သန်း ၁၂၀၀ ကျော်နှင့် ဇူလိုင်လတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ကျော် အသီးသီး၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ISP Myanmar မှ သိရသည်။

ထို့ပြင် ကျန်လများတွင်မှု ပျမ်းမျှ အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်သန်းကျော်မှ အများဆုံး အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်အထိ၀င်ရောက်မှုများရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နှင့် ဧပြီလများတွင်မှု ရင်းနှီးမြှုပ်နှံမှု လုံး၀ မ၀င်ရောက်ခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၈ ခု၀င်ရောက်ခဲ့ကြောင်း၊ ထို့ပြင် ယခုနှစ် သြဂုတ် ၃၁ ရက်အထိ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီပေါင်း ၁၅၀၀၀ နီးပါးမှတ်ပုံတင်ခဲ့ကြောင်းလည်း သိရသည်။