အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါ ဆိုးရွားလာ၊ အသိဉာဏ် မပျောက်ဆုံးမှီ ဝိနည်းနှင့်အညီ နေထိုင်သည့် ဆရာတော်ကြီးများအား ပင့်ဆောင့်သော်လည်း ငြင်းပယ်ခံရ

Author CJ Platform အယ်ဒီတာအဖွဲ့
Categories
Published on Feb 23, 2023

အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါ ဆိုးရွားလာ၊ အသိဉာဏ် မပျောက်ဆုံးမှီ ဝိနည်းနှင
စစ်အာဏာရှင် ဟောင်း ဦးသန်းရွှေ တစ်ယောက် ဇရာထောင်းသူများ ဖြစ်လေ့ရှိသည့် အယ်လ်ဇိုင်းမား ရောဂါ ဆိုးရွားလာကြောင်းခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ CJ Platform က စုံစမ်းသိရသည်။

ဦးသန်းရွှေမှာ မှတ်ဉာဏ်များ လုံးဝ ဥဿုံ မပျောက်ဆုံးမီချိန်တွင် ထေရ်ရဝါဒ စစ်စစ် ဆရာတော် သံဃာတော်ကြီး အချို့ကို ဖူးမျှော်ခွင့် ရနေလိုသော်လည်း ယခု အချိန်ထိ ဆရာတော်ကြီးများက ကြွရောက်ခြင်း မရှိသေးဟုလည်း သိရသည်။

စစ်ကောင်စီ ထိပ်တန်း အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်သည့် CJ Platform ၏ သတင်းရင်းမြစ်က စစ်အာဏာရှင် ဟောင်း ဦးသန်းရွှေသည် မှတ်ဉာဏ် တဖြည်းဖြည်း ယိုယွင်းပျောက်ဆုံးလာမည့် ကုသရန် ဆေးမရှိသော အယ်ဇိုင်းမား ရောဂါကို ခံစားနေရပြီး ယခုအခါ ရောဂါ အခြေအနေ ဆိုးရွားလာနေပြီ ဖြစ်ကြောင်း အသိပေး ပြောဆိုသည်။

” စာဖတ်နေသူကြီး အယ်ဇိုင်းမား ဆိုးနေပြီ။ အခြေအနေ မကောင်းဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အယ်ဇိုင်းမားရောဂါမှာ မိမိ၏ အချစ်ခင်ရဆုံးသူကိုပင် မမှတ်မိနိုင်တော့သည်ထိ ဖြစ်ပြီးနောက်တွင် မုချ သေဆုံးရမည့် ရောဂါ တစ်ခု ဖြစ်ပြီး အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများတွင် အဖြစ်များသည်။

ရောဂါ ခံစားရသူမှာ ကနဦးတွင် အဖြစ်အပျက် အချို့ကို မေ့လျော လာမည် ဖြစ်ပြီး အချိန်တစ်ခုအတွင်း ချစ်ခင်ရသူများ၊ ဘဝတစ်လျှောက် မမေ့နိုင်သည့် အကြောင်းအရာများကိုပါ မေ့လျောလာမည်ဟု ဆေးပညာမှတ်တမ်းများက ဆိုသည်။

အသက် ၉၀ အရွယ်ရှိ ဦးသန်းရွှေမှာ အဆိုပါ ရောဂါကို ခံစားနေရခြင်း ဖြစ်ပြီး သူ၏ နောက်ဆုံး အသိဉာဏ် ရှိနေချိန်တွင် ဝိနည်း သိက္ခာတော်များနှင့် အညီ ဗုဒ္ဓ လမ်းစဥ်အတိုင်း တသွေမတိမ်း လိုက်နာသည့် သိက္ခာတော်ရ ဆရာတော်ကြီးများကို ဖူးမျှော်လိုနေသည်ဟုလည်း သိရသည်။

သို့သော် သက်တော်ကြီးမြင့်ပြီ ဖြစ်သည့် ဆရာတော်ကြီးများမှာ ကျန်းမာရေးအရ ကြွရောက် ပေးနိုင်ခြင်း မရှိသေးဟု CJ Platform ၏ သတင်းရင်းမြစ်က ပြောသည်။

” ဆရာတော်ကြီးတွေကို ပင့်တယ်။ တကယ့် ဝိနည်းနဲ့ အညီနေတဲ့ ဘုရားဟောကို လေးစားလိုက်နာတဲ့ သံဃာတော် အရှင်မြတ်ကြီးတွေကို ပေါ့။ ဒါပေမယ့် ဆရာတော်ကြီးတွေက ကျန်းမာရေးအရ မကြွနိုင်ဘူးလို့ မိန့်ကြတယ် ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

CJ Platform ၏ သတင်းရင်းမြစ်က ဦးသန်းရွှေသည် သံဃာတော် စစ်စစ်ကိုသာ ဖူးမျှော်ခွင့်ရလိုနေခြင်းဟု ဆိုပြီး အရှင်ဉာဏိဿရ (သီတဂူ)ကဲ့သို့ ခေါ်လျင် လာနိုင်သည့် သူများကိုမူ မခေါ်ကြောင်းလည်း ပြောသည်။

” သီတဂူ မပါဘူး။ အခု မင်းဆရာ အဖြစ် ပွဲတက်နေတဲ့ ကိုယ်တော်တွေကို မပင့်ခိုင်းဘူး ပြောတယ်” ဟု ၄င်းက ပြောသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ဗိုလ်နေဝင်း ပြုတ်ကျအပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်စောမောင်ကို ဖြုတ်ချကာ မြန်မာနိုင်ငံကို နှစ်နှစ်ဆယ်ကျော်တင်းကျပ်သည့် အာဏာရှင် ဖိနှိပ်မှု စနစ်ဖြင့် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။

၄င်း အုပ်ချုပ်သည့် ကာလအတွင်း မြန်မာ စစ်တပ် တစ်ခုလုံး အကျင့်ပျက်ချစားမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများ ခိုင်မာစွာ အမြစ်တည်လာခဲ့ပြီး တိုင်းပြည်၏ မဏ္ဍိုင် အသီးသီးတွင်လည်း အဂတိ တရားများဖြင့် ဖုံးလွှမ်းခဲ့ရသည်။

ဦးသန်းရွှေသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များကို ရက်စက်စွာ ပစ်ခတ်ပြီး သပိတ်ဖြိုခွင်းရန် လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်ဘေးဖြင့် သိန်းချီ သေဆုံးခဲ့မှုကို လစ်လျူရှုက ၂၀၀၈ ခြေဥကို အတည်ပြုခဲ့သူ ဖြစ်သည်။

နာမည်ဆိုးဖြင့် ကမ္ဘာကျော်သူ ဦးသန်းရွှေသည် ညောင်နှစ်ပင်မှ ၂၀၀၈ ခြေဥ ၏ ပဲ့ကိုင်ရှင်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရအား အာဏာလွှဲ၍ အနားယူခဲ့သည်။

ယခုအခါ ကုသရန် ဆေးမရှိသည့် အယ်ဇိုင်းမားရောဂါဖြင့် သေဆုံးမည့် အချိန်ကို စောင့်စားနေရခြင်းလည်း ဖြစ်သည်။

*CJ Platform အယ်ဒီတာအဖွဲ့
ဓာတ်ပုံ- Google
#CjPlatform #ဦးသန်းရွှေ #အယ်လ်ဇိုင်းမား