အာဆွန်းတာရဲ့ RPG

Author CJ Platform
Categories
Published on Aug 24, 2022

🖋မင်းဘုဏ်းလူ(၅၀၅)

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ အဦးဆုံးအစောဆုံး နေရာများတွင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

ဒီမော့ဆိုမြို့နယ်မှ အာဆွန်းတာတို့ ကုန်းသာရွာငယ် သည်လည်း စစ်အာဏာရှင်များ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၏ သားကောင် စစ်တလင်းအဖြစ် ကျရောက်ခဲ့ရသည်။

စစ်မဖြစ်မီကအာဆွန်းတာသည် မိခင်မုဆိုးမနှင့် အစ်ကိုနှစ်ယောက်တို့ဖြင့် အေးချမ်း‌ပျော်ရွှင်စွာနေထိုင်ခဲ့ရသည်။ အစ်ကိုနှစ်ယောက်ကရိုးသားကြိုးစားစွာ မိခင်နှင့်ညီမငယ်ကို တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်ကျွေးမွေးပြီး ချစ်ခင်စည်းလုံးစွာနေထိုင်ခဲ့ကြသည်။

ခုခံစစ်စတင်ပြီးနောက် မခံချင်စိတ်နှင့် အမှန်တရား ၏ စိတ်လှုံ့ဆော်မှုကြောင့် မိခင်ထံခွင့်ပန်ကာ ပြည်သူ့ကာကွယ်ရေးတပ်သို့ ဝင်ရောက်ခဲ့ကြသည်။ အစ်ကိုနှစ်ယောက် မိခင်ကိုကန်တော့ သူမကိုပွေ့ချီနှုတ်ဆက် ချိန် ၂နှစ်အရွယ် အာဆွန်းတာလေးကတော့ ဘာမှမသိရှာ။

မိခင်ရင်ခွင်ဖက်တွယ်ရင်း ကိုကိုကြီးနှင့်ကိုကိုလေးကို မျက်ရည်များဖြင့် မုန့်မှာနေရှာသည်။

“ညီမလေး လိမ်လိမ်မာမာနေနော်၊မို့မို့စကားကိုနားထောင်”ဟူသော ကိုကိုကြီး၏အမှာစကားကို ခေါင်းငြိမ့်ပြရင်း “မြန်မြန်ပြန်လာခဲ့နော်၊ ကိုကိုတို့ပြန်လာရင် မုန့်တွေများကြီးဝယ်လာခဲ့ “ဟူ၍သာ ပူဆာနေလေသည်။

ထို့နောက် သူမတို့သားအမိလည်း စစ်ဘေးဒဏ်ကြောင့် ဆွေမျိုးများရှိရာသို့ ပြောင်းရွှေ့‌စစ်ရှောင်ခဲ့ရသည် ။ အစ်ကိုနှစ်ယောက် သူတို့သားအမိဆီ လာလိုက် ပြန်လိုက်နှင့် အာဆွန်းတာ တစ်ယောက် မေ့မေ့ပျောက်ပျောက်ပင်။

အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့သော အာဆွန်းတာလေးတို့ မိသားစုဘဝထဲသို့ မုန်းတိုင်းဝင်မွှေခဲ့ချေပြီ။

ထိုနေ့က ၂၀၂၁ခု နိုဝင်ဘာလ ၁၇ရက်နေ့ သတင်းဆိုးယူဆောင်လာခဲ့သူက သူ့ကိုကိုလေး၏ ဒုခွဲမှူးဆိုသူ ကိုဘုဏ်း။

သူ့မိခင်ထံလာပြီး သေးဆူလဲ တိုက်ပွဲတွင် သူမ၏ကိုကိုလေး အန်ဒြေးယာ ရန်သူ့မိုင်းနင်းမိပြီးကျဆုံးကြောင်း၊ အလောင်းအိမ်ပြန်ပို့ပြီး အခမ်းအနားဖြင့် သင်္ဂြိုလ်ဂူသွင်းပေးမှာဖြစ်ကြောင်း ၊နိုင်ငံနှင့်ပြည်သူအတွက်ကာကွယ်ရင်း အသက်ပေးခဲ့တာဖြစ်လို့ အာဇာနည်အဖြစ် ဂုဏ်ယူပေးပါမည့်အကြောင်း ပြောနေတာတွေကြား ရသည်။

အာဆွန်းတာစိတ်ထဲ သိပ်တော့နားမလည်။ အမေပြုံးပြုံးကြီး ငိုနေတာတွေ့သည်။ အိမ်လာသည့် ဧည့်သည် လူကြီးမျက်နှာမှာလည်း မျက်ရည်တွေမြင်ရသည် ။ အာဇာနည်ဆိုတာဘာလဲ အဆွန်းတာနားမလည်။

အမေငိုသည် ဧည့်သည်လူကြီးအသံမထွက်ပဲ မျက်ရည်ကျနေသည်။ အာဆွန်းတာဝမ်းနည်း၍ ငိုမိတော့သည်။

အမေကပြောသည်။ “သမီးမငိုနဲ့တဲ့၊သမီးကိုလေးက သူရဲကောင်းကြီးတဲ့၊ လူယုတ်မာတွေကို တော်လှန်ရင်း သေရတာမြတ်တယ်တဲ့” မို့မို့စကားများကို အာဆွန်းတာနားမလည်ပါ။

သူရဲကောင်းတို့ အာဇာနည်တို့ဆိုတာ ကိုကြီးနဲ့ကိုလေး ဝယ်လာပေးတဲ့မုန့်လောက် စားမကောင်းပါ။ ခု ကိုလေးကို အာဆွန်းတာတို့သားအမိဆီ ပြန်ပို့မည်ဆိုတော့ ဧည့်သည်လူကြီးကို ပြောလိုက်သည်။ မီးမီး ကိုလေးပြန်လာရင် မုန့်ဝယ်ခဲ့ဖို့ ပြောပေးပါ မှာမိတော့ ဧည့်သည်လူကြီးက အာဆွန်းတာကို ဖက်ပြီးငိုသည်။

ဒီလူကြီး မုန်မှာရုံနဲ့ငိုနေတော့ အာဆွန်းတာမနေတတ် မို့မို့ဆီပြန်ပေးသည်။မို့မို့မျက်နှာမှာလည်း မျည်ရည်စတွေက ကျလို့ပါလား။ ‌နောက်မေမေနေမကောင်းလို့ ကိုကြီးပြန်လာခေါပြီး ဆေးပြရန်ခေါ်သွားသည်။ မှတ်မှတ်မှတ်ရရ ၂၀၂၁ဒီဇင်ဘာလထဲက ရက်တစ်ရက် အာဆွန်းတာ မို့မို့နဲ့ကိုကြီး ကုန်းသာကအိမ်မှာပြန်ပြီး ပစ္စည်းတွေ ပြန်ယူကြသည်။ ခြံဝအရောက်မို့မို့က လှမ်းအဝင် ကိုကြီးကဆွဲလိုက်ပေမဲ့ မမီ။”ဝုန်း”ခနဲအသံ၊ မီးတောက်ကြီးမြင်ပြီး အာဆွန်းတာ ဘာမှမသိတော့ ။

အာဆွန်းတာနိုးလာတော့ မေမေနဲ့ကိုကြီး မရှိတော့ ဟိုးအဝေးကြီးကိုထွက်သွားပြီတဲ့။ ကိုလေးရဲ့ ဒုခွဲမှူးဆိုတဲ့လူကြီးနဲ့ အာဆွန်းတာရဲ့ကျမို့(အဒေါ်) ပြောနေတာတော့ စစ်ခွေးတွေ ထောင်ထားတဲ့မိုင်းနင်းမိလို့‌ သေရတာတဲ့။ ခုတော့ အာဆွန်းတာမှာ ဘယ်သူမှမရှိတော့ ‌မို့မို့ ကိုကြီး ကိုလေး အကုန် စစ်ခွေးတွေကြောင့်သေရပြီ။ အာ့စစ်ခွေးတွေကို မုန်းလိုက်တာ…။

ကိုလေးရဲ့ ဒုခွဲမှူးဆိုတဲ့လူကြီးကတော့ “ဘယ်သူ့ကိုမှ မုန်းတာမကောင်းဘူး။ မီးမီး ကြီးလာရင် လူကောင်းဖြစ်အောင်နေ၊ စာတွေတတ်အောင်သင်ပြီး ပညာတတ်ကြီးဖြစ်အောင်လုပ်”တဲ့။

ဒါပေမဲ့ အာဆွန်းတာကတော့ မို့မို့၊ကိုကြီး၊ကိုလေးတို့ကို အာဆွန်းတာဆီကနေ အဝေးကြီးကိုပို့လိုက်တဲ့ အာ့စစ်ခွေးဆိုတာတွေကို မုန်းလိုက်တာ၊ သေစေချင်လိုက်တာ။

ဦးဘုဏ်းတို့ဆီက RPGဆိုတာကြီးတွေ့ထဲက အိမ်နားက ဝါးပိုးလုံးကြီးကို RPGလုပ်ပြီး ‌စစ်ခွေးတွေဆီပစ် နေမိတော့တာ အိပ်တဲ့အထိ ဖက်ထားမိတော့တာပါပဲ။

စာရေးသူ။။ မင်းဘုဏ်းလူ(၅၀၅)

စာရေးသူ၏ မှတ်ချက်။ ။ သမီးငယ်လေးတစ်ယောက်၏ဘဝကို ခံစားရေးဖွဲ့ပါသည်။ ၂ နှစ်အရွယ်သမီးလေးဟာ သူ့မျက်စိရှေ့မှာတင် အမေနဲ့အကိုကို ဆုံးရှုံးလိုက်ရရှာသူလေး မကျေမနပ်မျက်မှောင်ကြုတ် နေတဲ့ သမီးလေးရဲ့လက်ထဲက ဝါးလုံးဟာ သူ့အနေနဲ့ RPG လိုသဘောထားပြီးကိုင်ထားတာ သူ့မိသားစုကို လုပ်သွားတဲ့ကောင်တွေကို အဲဒီဝါးလုံး RPG နဲ့ထုမလို့တဲ့လေ အဲဒီဝါးလုံးကို RPG ပဲဖြစ်ချင်တာတဲ့ ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားထဲကို ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ဝင်နေမှာပါလိမ့် သမီးလေးမျက်နှာကြည့်ပြီး နာကျင်ရသည်။