အသေခံ ဒရုန်းများဖြင့် နေပြည်တော် စစ်ရုံးချုပ် နှင့် အေလာလေတပ် ကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

Author လင်းနွေဦး
Categories
Published on Apr 04, 2024

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မြို့ ရှိ စစ်ရုံးချုပ် နှင့် အေလာလေတပ်ကို တော်လှန်ရေး အဖွဲ့များမှ အသေခံ ဒရုန်း ခေါ် ကာမီကာဇေ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များ၏ စစ်ရေးအခြေအနေများကို အစီရင်ခံ တင်ပြနေသည့် PDF Insight နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MoD တို့မှ ကနဉီး သတင်းထုတ်ပြန်ဖော်ပြသည်။

 

ယနေ့ ဧပြီလ ၄ ရက် မနက်ခင်းအချိန် တွင် နေပြည်တော်ရှိ စစ်ရုံးချုပ်အား ကာမီကာဇေ ဒရုန်း(၁၆)စင်း ၊ အေလာ လေတပ်ကို ၁၃ စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်ခံရမှု ကြောင့် စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ် ပြတ်တောက်နေကာ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍ အဆက်အသွယ်မရရှိသေး‌သော်လည်း အေလာ လေတပ် အတွင်း မီး‌လောင်မှုများရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရှိရသည်ဟု PDF Insight ထုတ်ပြန်ချက်အတွင်းဖော်ပြသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန မှ လည်း စစ်ရုံးချုပ်(ကက-ကြည်း) တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များ၊ ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ ၏ Kloud Drone တပ်ခွဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်သည်။

အေလာလေတပ် တိုက်ခိုက်မှုကိုမှု PDF အထူးတပ်ဖွဲ့ဝင်များနှင့် ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MOD မှ ဆိုသည်။

 

CJ Platform အနေဖြင့်လည်း အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြု၍ မရရှိသေးဘဲ နောက်ဆက်တွဲ သတင်းအခြေအနေများကို စုံစမ်းတင်ဆက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

စစ်ကောင်စီ ၏ လုံခြုံရေးအင်အားတောင့်တင်းသည့် နေပြည်တော်အထိ တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်ရန် ကြိုးပမ်းလျက်ရှိသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ အထမြောက်အောင်မြင်သည်များလည်းရှိသကဲ့သို့ မအောင်မြင်ခဲ့သည်များလည်း ရှိကြောင်း CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဧပြီ တစ်ရက်နေ့ နေ့လယ်ပိုင်းကလည်း နေပြည်တော် ဟိုတယ်ဇုန် (၁)၊ Navata ဟိုတယ်ရှေ့တွင် မိုင်းများ တပ်ဆင်ထားကာ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်ရန် ဖန်တီးထားသည့် တိုယိုတာ Passo အဖြူရောင် ကားတစ်စီးကိုတွေ့ရှိခဲ့သဖြင့် စစ်ကောင်စီ မြေပြင် အင်ဂျင်နီယာ တပ်ရင်း-စအရ ၉၂၀ မှ ဗိုလ်ကြီး အောင်အောင်ဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးပါဝင်သော မိုင်းရှင်းလင်းရေး အဖွဲ့ကို ခေါ်ယူကာ မိုင်းရှင်းလင်းဖြုတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း စစ်ကောင်စီ ထုတ်ပြန်သော မှတ်တမ်းများအရ သိရသည်။

Related News

Depend on news