အလုံ စောရန်ပိုင်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက် ငါးဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Sep 28, 2022

အလုံမြိုနယ် ‌စောရန်ပိုင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးငါးဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စောရန်ပိုင်တောင်ရပ်ကွက် ဝေဘာဂီလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နေ့လယ်တစ်နာရီခွဲက ဗုံးပေါက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦးနှင့်လမ်းသွားလမ်းလာနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်ပြီးတော့ လူနာတင်ယာဥ်တွေလာတာ သုံးစီးလောက်ရှိတယ် စစ်သားသုံးဦးနဲ့ အရပ်သားနှစ်ဦးထိတယ်ပြောတယ်”ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများ အင်အားများပြားစွာ ရောက်ရှိလာပြီး ဝေဘာဂီလမ်းတွင် စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်လို့ကြားတယ် အခုချိန်ထိ စစ်နေတယ် စစ်သားတွေရော ရဲတွေရော”ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ရက်အထိ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ၄၀ကြိမ်ဖြစ်ခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိသည်။
ပုံစာညွှန်း- ရန်ကုန်မြို့တွင် ပေါက်ကွဲမှုဖြစ်စဥ် ပုံအဟောင်း