အရှေ့မြောက်ဘက်မှ ဝင်ရောက်လာနိုင်သည့် တိမ်တိုက်များကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် လေပြင်းတိုက်ခိုက်နိုင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

Published on Mar 12, 2023

အရှေ့- အရှေ့မြောက်ဘက်မှ ဝင်ရောက်လာနိုင်သည့် တိမ်တိုက်များကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် လေပြင်းများတိုက်ခိုက်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

မတ် ၁၃ ရက်နှင့် ၁၄ ရက်များတွင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် လေပြင်းတိုက်ခိုက်ခတ်ကာ မိုးထစ်ချုန်းရွာသွန်းနိုင်သည့် အခြေအနေများ ရှိနေခြင်း ဖြစ်သည်။

အရှေ့-အရှေ့မြောက်ဘက်မှ ဝင်ရောက်လာမည့် တိမ်တိုက်များသည် မိုးတိမ်တောင်များအဖြစ် ပြောင်းလဲလာပါက စိုက်ဆင်းလေပြင်းများ ကျရောက်နိုင်သည့် အခြေအနေများရှိသည့်အတွက် ဂရုပြုရန်လည်း ဦးဝင်းနိုင်က အသိပေးထားသည်။

“မိုးရွာနိုင်တဲ့ အခြေအနေတွေကတော့ လေစီးကြောင်း၊ အပူချိန်၊ ငွေ့ရည်ဖွဲ့အမှတ်တွေဖြစ်ပေါ်တဲ့ အပေါ်မူတည်ပြီးနေရာအလိုက် မိုးသည်းထန်နိုင်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ့ရှိနိုင်ပါတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

မတ် ၁၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ရန်ကုန်မြို့နှင့် အနီးတဝိုက်ဒေသများတွင် မိုးသက်လေပြင်းကျပြီး မိုးကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် တစ်နာရီ ၁၅ မိုင်နှင့် မိုင် ၄၀ ခန့်အထိရှိနိုင်ကြောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း လေပြင်းထန်နိုင်ကာ တစ်နာရီ မိုင် ၂၀ မျ ၃၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၂ ပေခန့်ရှိနိုင်သည်ဟု ဦးဝင်းနိုင်က မိုးလေဝသအခြေအနေအား ခန့်မှန်းထားသည်။

နွေဦကာလအတွင်း နေ့အပူချိန်မြင့်တက်မှုကြောင့် ရေငွေ့ပျံပြီး မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းများ မုန်တိုင်းများ၊ လေပွေလှိုင်းများ၊ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် နေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ ဆိုက်ဆင်းလေပြင်းတိုက်ခိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။
#CjPlatform #မိုးလေဝသသတင်း #အချိန်ခါမဟုတ်မိုးရွာနိုင်