အရှေ့ဒဂုံ တစ်မြို့နယ်လုံးနီးပါး ရေကြီးနေ

Author ကိုထက်
Categories
Published on Oct 18, 2023

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရက်သတ္တပတ် နှစ်ပတ်ကြာလာသည့်အချိန်ထိ တစ်မြို့လုံးနီးပါး ရေကြီးနေကြောင်း မြို့ခံများထံမှ သိရသည်။

ယခုရက်ပိုင်းရန်ကုန်တွင် မိုးနည်းလာသော်လည်း အရှေ့ဒဂု့မြို့နယ်အတွင်း လမ်းမကြီးများအပါအဝင် နေအိမ်များအထိ ရေဝင်ရောက်နေကြောင်း သိရသည်။

ရေကြီးမှုကြောင့် သွားရေးလာရေးအခက်အခဲများနှင့် နေထိုင်စားသောက်ရေးအခက်အခဲများ ရှိလာနေကြောင်း သိရသည်။

“ရေကနှစ်ပတ်ရှိနေပြီ။ တက်နေတာ။ တစ်ချို့အိမ်ငှားတွေဆို ပြောင်းသွားကြပြီ။ အပေါ့အလေးကိစ္စတွေမှာပါ နေထိုင်ရတာ အဆင်မပြေလာတော့။ ရေတွေကလည်း မသန့်တဲ့ရေတွေဆိုတော့ အနာတွေပါဖြစ်လာကြတာ” ဟု အမှတ်(၁၃၃) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရေနစ်မြုပ်မှုကြုံနေရသည့် ရပ်ကွက်များတွင် နေထိုင်သူအများစုမှာ စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံ လက်လုပ်လအရပ်ဘ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် လုပ်သားများဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြုံနေရသည့် ရပ်ကွက်များသို့ အရပ်ဘက်အလှူရှင်အချို့ လာရောက်လှူဒါန်းမှုရှိနေသော်လည်း စစ်ကောင်စီလူကယ်ပြန်ဝန်ကြီးဌာနဘက်ကမူ တစ်စုံတရာကူညီခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။