အမျိုးသမီးများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စီမံကိန်းချလုပ်ဆောင်နေဟု NUG ဝန်ကြီးချုပ်ပြော

Author ကိုထားဝယ်
Categories
Published on Mar 08, 2024

မြန်မာအမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် စီမံကိန်းချလုပ်ဆောင်နေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

 

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် ရန် စီမံကိန်းချ လုပ်ဆောင်လျက်ရှိသလို နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အထောက်အကူပြုစေရန် အမျိုးသမီးဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုနှင့် ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးကြပါ” ဟု NUG ဝန်ကြီးချုပ်က ပြောကြားသည်။

 

မည်သည့်စီမံကိန်းများချမှတ်နေလဲဆိုသည်ကိုမူ ဝန်ကြီးချုပ်က အသေးစိတ်ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

 

ယခုနှစ် အမျိုးသမီးများနေ့ ဆောင်ပုဒ်သည် Count Her In: Invest in Women. Accelerate Progress “အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများအတွက် ရင်းနှီးမြုပ်နှံစို့” ဟူ၍ဖြစ်သည်။

 

ထို့ကြောင့် အမျိုးသမီးများကို စစ်လက်နက်သဖွယ် အသုံးချနေသည့် အကြမ်းဖက်မှုများကို ကာကွယ်ရန် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် ဘဏ္ဍာရေးအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်နှင့် လူသားအရင်းအမြစ်များလည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

 

နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ ညှင်းပန်းသတ်ဖြတ်ခံရသူ အရွယ်ရောက်ပြီး အမျိုးသမီး ၁၁၃၄ ဦး၊ အသက် (၁၈)နှစ် မှ (၃၅) နှစ်ထိ ၂၈၀ ဦးနှင့် အသက် ၁၈ နှစ်အောက် ၂၁၅ ဦး စုစုပေါင်း ၁၆၂၉ ဦးရှိကြောင်း အချက်အလက်ကောက်ယူချက်များအရ သိရသည်ဟု ဝန်ကြီးချုပ်၏ သဝဏ်လွှာအတွင်း ဖော်ပြထားသည်။

 

ထို့ပြင် ဖမ်းဆီးချုပ်နှောင်အကျဉ်းချခံရသည့် အမျိုးသမီးအရေအတွက်တွင် အရွယ်ရောက်ပြီးအမျိုးသမီး ၅၃၃၉ ဦး၊ အသက် (၁၈)နှစ် မှ (၃၅)နှစ်ထိ ၁၁၁၈ ဦး၊ အသက် (၁၈) နှစ်အောက် ၁၁၄ ဦး စုစုပေါင်း ၆၅၇၁ ဦးရှိကြောင်း ယင်းသဝဏ်လွှာအရ သိရသည်။

 

ထိုစာရင်းဇယားအရ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

 

၁၉၀ဝ ပြည့်နှစ်များတွင် မတရားဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများကို တုံ့ပြန်တွန်းလှန်ရန်အတွက် စိန်ခေါ်မှုများမှတစ်ဆင့် စတင်လာခဲ့ပြီးနောက် ၁၉၀၈ ခုနှစ်၊ မတ်လ ၈ နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံက အမျိုးသမီးများအနေဖြင့် နိုင်ငံ‌ရေးနှင့် စီးပွားရေး တန်းတူညီမျှမှုဖြစ်သည့် မဲပေးပိုင်ခွင့်ရရှိရန်၊ အလုပ်ချိန်လျော့ချရန်နှင့် လစာတိုးခွင့်ရရှိရန်တို့အတွက် ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြသည်ကို အစွဲပြု၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့သည်။