အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန သင်တန်းကျောင်းတွင် ထိန်းသိမ်းထားသည့် ရိုဟင်ဂျာ အမျိုးသမီးငယ်များအား လူမြင်ကွင်း၌ အဝတ်ချွတ်အရှက်မဲ့စေပြီး လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် နှိပ်စက်မှုများ ပြုလုပ်နေ

Author CJPlatform အယ်ဒီတာအဖွဲ့
Categories
Published on Feb 22, 2023

 

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အလံအုပ်ကျေးရွာမှ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး)၊ လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်း၌ ရိုဟင်ဂျာ အမျိုးသမီးငယ် သုံးရာကျော်အား ဖမ်းဆီးထိန်းသိမ်းထားပြီး လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်လျက် ရှိနေကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၀၀ပြည့်နှစ် ကာလများတွင် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး)၊ လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။

သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ကနဦး ရည်ရွယ်ချက်မှာ ပြစ်ဒဏ်ကျ အမျိုးသမီးငယ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၅၇(က)အရ စောင့်ရှောက်နေသူများ၊ စိတ်ကျန်းမာရေးချို့တဲ့သူများနှင့် မသန်စွမ်း အမျိုးသမီးငယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရန်၊ HIV/AIDS ကူးစက်ခံထားရသည့် အမျိုးသမီးငယ်များအားစောင့်ရှောက်ကူညီနိုင်ရန် အတွက် ဖြစ်သည်။

နောက်ပိုင်းတွင် အခြားသော လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းများ၌ သတ်မှတ် အရေအတွက်ကျော်လွန်နေသည့် ကလေးငယ်များအား လက်ခံထားရှိရာ နေရာ တစ်ခု ဖြစ်လာခဲ့ပြီး ယခု တစ်ကျော့ပြန် စစ်အာဏာသိမ်းကာလ တွင်မူ ထိန်းသိမ်းခံ ရိုဟင်ဂျာ အမျိုးသမီးငယ်များအား အဓိက ထိန်းသိမ်းထားရာ ကျောင်းတစ်ခု အဖြစ် ပြောင်း လဲသွားခဲ့သည်။

ယခင်ကတည်းက ကလေး အကျဥ်းထောင် သဖွယ် ဖြစ်နေခဲ့ပြီး ဖြစ်သည့် အဆိုပါ သင်တန်းကျောင်းသည် ဖမ်းဆီးခံ ရိုဟင်ဂျာ အမျိုးသမီးငယ်လေးများအတွက် နာဇီလက်သစ်များ ကြီးစိုးသည့် ငရဲခန်းတစ်ခု ဖြစ်လာခဲ့သည်။

” ငှက်အော်စမ်းလို ကျောင်းပဲ။ အခုကျတော့ ရို ကလေးတွေကို ထားတဲ့ နေရာ ဖြစ်သွားတာ။ ဒီကလေးတွေက ငယ်ငယ်ထဲက ဖမ်းခံခဲ့ရတာမျိုးပေါ့။ ပြီးတော့ ဒီကို ပို့လိုက်ကြတာ” ဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းကျောင်း၌ အဆောင်တစ်ခုလျင် ထိန်းသိမ်းခံ လူငယ် တစ်ရာ ခန့်ကို ထားရှိထားပြီး စုစုပေါင်း အဆောင်လေးခု ရှိသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသူများအနက် လေးပုံသုံးပုံ ပမာဏ သုံးရာ ကျော်မှာ ရိုဟင်ဂျာ အမျိုးသမီးငယ်များ ဖြစ်ပြီး နိုင်ငံရေး ကိစ္စများဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် အသက်မပြည့်သေးသော ကလေးများလည်း ရှိသည်ဟု CJ Platform မှ စုံစမ်းသိရှိရသည်။

“ဒီမှာက အဆောင်က လေးဆောင်ရှိတယ်၊ ကလေးတွေက လေးရာကျော်မှာ အစ္စလမ်ဘာသာဝင် ကလေးငယ်က သုံးရာကျော်ရှိတယ်၊ ဖမ်းခံထားရတဲ့ ရိုဟင်ဂျာကလေးတွေပါ၊ ကျောင်းအုပ်က စိတ်သဘောထား မမှန်ဘူး၊ ကျောင်းမှာက နိုင်ငံရေးအဖမ်းခံထားရတဲ့ ကလေးတွေလဲရှိတယ်၊” ဟု အဆိုပါ‌ေကျာင်းရှိ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် နာဇီလက်သစ်များ သဖွယ် ဖြစ်နေသည့် သင်တန်းကျောင်း တာဝန်ကျ ဝန်ထမ်းများသည် အဆောင်-၂ တွင် နေထိုင်သည့် ရိုဟင်ဂျာ အမျိုးသမီးငယ် ၂၀ ဦးအား နေထိုင်ရာ အဆောင်ပြင်ပ သို့ ခေါ်ထုတ်လာခဲ့သည်။

ထို့နောက် သင်တန်းကျောင်း ဝင်ပေါက်ဂိတ်မှ လှမ်းကြည့်လျင် ပင် မြင်နိုင်သည့် လူမြင်ကွင်း နေရာ အရောက်၌ အဆိုပါ အမျိုးသမီးကလေးငယ်များ အား အဝတ်အစားများ အားလုံးကို ချွတ်စေပြီး မတ်တပ်ရပ်ခိုင်းထားခြင်း၊ ကျောက်ခဲစေ့များ ပေါ်၌ အဝတ်အစားမဲ့ဖြင့် ဒူးထောက် ထိုင်ခိုင်း ခြင်းများ ပြုလုပ်စေခဲ့သည်။

ထို့ပြင် အဝတ်အစားမဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ်လေးများအား ဝန်ထမ်းအမျိုးသား အချို့ကို ဝိုင်းဝန်းကြည့်ရှု စေခြင်းဖြင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဂရုတစိုက် လိုက်နာကြသည့် အရှက်ဂုဏ်သိက္ခာ တရားမှ အတင်းအကျပ် သွေဖယ်စေသည့် နည်းလမ်းများဖြင့် နှိပ်စက်ခဲ့သည်ဟု သိရသည်။

“အဝတ်အစားကတော့ ကလေးတိုင်းကို ချွတ်ခိုင်းတာ အစ္စလမ်ဘာသာဝင်ကလေးတွေကိုသာ အဆောင်ပြင်မှာ ထုတ်ထားတာ ၊သူထုတ်ထားတဲ့ နေရာက ကျောင်းဂိတ်စောင့်နေရာကနေ လှမ်းကြည့်ရင်တောင် မြင်ရတယ် မလုပ်သင့်ဘူးလေ အရှက်နဲ့ ဂုဏ်သိက္ခာအတွက်၊ အဲ့လိုမျိုးက အဆောင်တိုင်းကို လုပ်တာပါ”ဟု CJ Platform ၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သူ အဆိုပါကျောင်းရှိ အခြား‌ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပြသည်။

ထိုသို့ ပြောပြစဥ် သူမ၏ အသံမှာ အဆိုပါ ဖြစ်ရပ်အတွက် စိတ်ထိခိုက် နာကျင်နေရသည့် ဟန်မျိုး ဖြစ်နေခဲ့သည်။

သင်တန်းကျောင်း ဝန်ထမ်းများ ကျူးလွန်ခဲ့သည့် နှိပ်စက်မှုမျိုးအား ၁၉၈၄ ခုနှစ် ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁ ၌ ယခုကဲ့သို့ ဆိုထားသည်။

” လူတစ်ဦးထံမှ သတင်းအချက်အလက်များ (သို့) အခြားသူ တစ်ဦးနှင့် သက်ဆိုင်သည့် အချက်အလက်များ ရရှိရန် (သို့) ဝန်ခံစေရန် ရည်ရွယ်၍ ဖြစ်စေ၊ ထိုသူ (သို့) အခြားသူ တစ်ဦး ကျူးလွန်ခဲ့သော (သို့) ကျူးလွန်ခဲ့သည်ဟု သံသယရှိသော လုပ်ရက်များအတွက် အပြစ်ပေးရန် ဖြစ်စေ၊ ထိုသူ(သို့) အခြားသူတစ်ဦးကို ခြိမ်းခြောက်ရန် (သို့) ဖိအားပေးရန် ဖြစ်စေ၊ ခွဲ ခြားဆက်ဆံမှု တစ်မျိုးမျိုး အပေါ် အခြေ ခံသော ရည်ရွယ်ချက် ဖြင့် ဖြစ်စေ၊ လူတစ်ဦးကို ရုပ်ပိုင်းဆိုင်ရာ အရ (သို့) စိတ်ပိုင်းဆိုင်ရာ အရ ကြီးစွာသော နာကျင်မှု (သို့) ထိခိုက်မှုကို ဖြစ်ပွားစေသော မည်သည့် လုပ်ရပ်ကို မဆို ညှင်းပန်းနှိပ်စက်ခြင်းဟု သတ်မှတ်သည်။ နာကျင်မှု (သို့) ထိခိုက်မှုသည် အစိုးရ တာဝန်ရှိသူ (သို့) အခြား တာဝန်ယူထားသော ပုဂ္ဂိူလ်မှ ကျူးလွန်ခြင်း (သို့) ထိုသူ၏ ညွှန်ကြားချက် (သို့) သဘောတူညီချက် (သို့) မတားဆီး၊ မဆန့်ကျင်ပဲ နေခြင်းကြောင့် ကျူးလွန်ခြင်း ဖြစ်နိုင်သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာ လူ့အခွင့်အရေးကော်မတီက ညှင်းပန်းနှိပ်စက်ခြင်း ဟူသည့် စကားလုံးအား လူ့ဂုဏ်သိက္ခာနှင့် လူတစ်ဦး၏ ကြံ့ခိုင်မှု အပေါ် အကြီးမားဆုံး ချိုးဖောက်မှုများအတွက် ကိုယ်စားပြု သုံးနှုန်းရန် ဆိုထားသည်။

သင်တန်းကျောင်း ဝန်ထမ်းများသည် ရိုဟင်ဂျာ အမျိုးသမီးငယ်များအား ဆိုခဲ့ပါ အဝတ်ချွတ် အရှက်မဲ့စေသည့် ညှင်းပန်း နှိပ်စက်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီ ၁၈ရက်တွင်လည်း အပျိုဖော်ဝင်စအရွယ် ရိုဟင်ဂျာ အမျိုးသမီးငယ် ၂၃ဦးအား သင်တန်းကျောင်း တာဝန်ရှိသူများက အလားတူ ညှင်းပန်းနှိပ်စက်မှုများ ကို ပြုလုပ်ခဲ့သေးသည်။

“အဝတ်အစားချွတ်ခိုင်းပြီး ရှာဖွေရေးလုပ်တယ်လို့ ဆိုပြီး ယောင်္ကျားလေးတွေကို ထိုင်ကြည့်ခိုင်းတာမျိုး မကြာခဏလုပ်တယ်”ဟု CJ Platform သတင်းရင်းမြစ် ဝန်ထမ်းအမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်က အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်စဥ် ဖြစ်ခဲ့ အပြီးတွင် အခြားသော အကျဥ်းထောင်များ နည်းတူ တွံတေး အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဖမ်းဆီးခံ ကလေးများလည်း ထောင်ဝင်စာ အပိတ်ခံခဲ့ရသည်။

အရွယ်မရောက်သေးသည့် ကလေးငယ်များ ဖြစ်ရာ ထောင်ဝင်စာများ ကြာမြင့်စွာ မရရှိတော့ချိန်တွင် ကျောင်း ဝန်ထမ်းများထံမှ မုန့်ပဲ သရေစာများကို ငွေသားဖြင့် ဝယ်ယူစားသုံးခဲ့သည်ဟု သိရသည်။

ထို အကြောင်းအရာကို ခေါင်းစဥ်တပ်၍ သင်တန်းကျောင်း တာဝန်ရှိသူများက ငွေသား ပိုက်ဆံများ ရှာဖွေမည်ဟု ဆိုကာ ရိုဟင်ဂျာ အမျိုးသမီငယ်လေးများကို အမျိုးသားဝန်ထမ်းများရှေ့ လူမြင်ကွင်း၌ အဝတ်ချွတ်စေကာ ညှင်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးတွေက ထောင်ဝင်စာမလာတာကြာတော့ ဆရာမတွေရောင်းတဲ့ မုန့်ဝယ်စားတာမှာ ကျောင်းထဲ ပိုက်ဆံတွေရောက်နေတယ် ရှာရမယ်ဆိုပြီး အကြောင်းပြပြီး လုပ်ဆောင်တာပါ၊” ဟု CJ Platform၏ သတင်းရင်းမြစ် ဝန်ထမ်းအမျိုးသမီးက ပြောသည်။

အဆိုပါ သင်တန်းကျောင်း တာဝန်ရှိသူများသည် ယင်းသို​့သော ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ချိန်တိုင်းတွင် ကျောင်းရှိ CCTV များကို ပိတ်ထားလေ့ရှိပြီး Record များ ရှိပါကလည်း ဖျက်ပစ်သည်ဟု သိရသည်။

ထို့အပြင် ကလေးသူငယ်အခွင့်အရေးဆိုင်ကာ ကူညီစောင့်ရှောက်နေသည့် အဖွဲ့များမှ ကျောင်းအား လာရောက်စစ်ဆေးချိန်များတွင် လက်ရှိကြုံတွေ့နေရသည့် ဖိနှိပ်မှုများအား ကလေးငယ်များမှ တာဝန်ရှိသူများအား တင်ပြနိုင်ခြင်းမရှိစေရန် ကျောင်းတာဝန်ရှိသူများမှ အနီးကပ် စောင့်ကြည့်ခြင်း ကြိုတင်ပိတ်ပင်ထားခြင်းနှင့် ကျောင်းတာဝန်ရှိသူများနှင့် နီးစပ်သူ ကလေးငယ်များကိုသာ တွေ့ဆုံပြောကြားစေခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောင်းတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တရားဝင်ဖော်ပြထားသည့် ကျောင်းဖုန်းနံပါတ် ၀၉ ၈၆၁၉၃၄၂ သို့ CJ Platformက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ယခုကဲ့သို့ ထောင်ဝါဒါများ သဖွယ် ဖြစ်နေသည့် သင်တန်းကျောင်း တာဝန်ရှိသူများ၏ ရိုဟင်ဂျာ အမျိုးသမီးငယ်များ အပေါ် ညှင်းပန်းနှိပ်စက်မှုများကြောင့် အဆိုပါ အမျိုးသမီးလေးများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု မည်မျှ ကြီးမားနေမည်ဆိုသည်ကို မြန်မာမွတ်ဆလင်တော်လှန်ရေးအင်အားစု (MMRF) ဗဟိုကော်မတီ အဖွဲ့မှ အမျိုးသမီးတာဝန်ခံ ဖြစ်သူ ရိုသင်းသင်းလှိုင်က စိုးရိမ်လျက် ရှိနေသည်။

“အသက်ပြည့်ပြီးသားသူတွေတောင် အခုလိုအဖြစ်မျိုးနဲ့ ကြုံရရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် ရတာဆိုတော့၊ အခုလို အသက်မပြည့်သေးတဲ့ နုနယ်တဲ့ အရွယ်ဆိုရင် ပိုဆိုးတာပေါ့။ အသက်ပြည့်ပြီးသား ယောက်ျားလေးကို အဝတ်ဗလာနဲ့ ရှာဖွေရေးလုပ်ရင် ရှက်စိတ်နဲ့ ကြောက်စိတ် ဖြစ်မှာပဲ။ အခုဟာက အသက်မပြည့်သေးတဲ့ အပျိုဖော်ဝင်မိန်းကလေးတွေဆိုတော့ စဉ်းစားကြည့်ပေါ့။ ဘယ်လောက် ကြောက်နေကြမလဲ၊ ဘယ်လောက်ရှက်ပြီး စိတ်ထိခိုက်နေကြမလဲ”ဟု သူ(မ)က ဆိုသည်။

ဆက်လက်၍လည်း ” မတရားတဲ့ ဥပဒေတွေကြောင့် ဖမ်းခံရတယ်။ နောက်စပ်တွဲအနေနဲ့ အပြစ်ရှိတယ်ဆိုပြီး အပြစ်ပေးခဲ့ကြရတယ်။ မတရားအပြစ်ပေးခံနေရတဲ့ အချိန်မှာလည်း အစော်ကားခံရတယ်၊အနိုင်ကျင့်ခံနေရတယ်။ သူတို့ဘဝတွေ အသက်ရှင်ရပ်တည်ဖို့ အရှက်တွေကို စတေးခံနေရတာပါပဲ။ အဆိုးဆုံးက ရှာဖွေရေးလို့ အကြောင်းပြပြီး အခန်းထဲမှာ အဝတ်ဗလာ လုပ်ပြီး ရှာနေတာက မဖြစ်သင့်ဘူး။ မတရားတဲ့ ဥပဒေတွေကို မဖျက်သိမ်းနိုင်သေးတော့ အခုလို လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာက စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ထိခိုက်ခံရမှာပဲ။” ဟု ပြောသည်။

ရိုဟင်ဂျာများကို လူမျိုးတုန်း.သတ်ဖြတ်မှု စွတ်စွဲချက်ဖြင့် ICJ ၌ တရားရင်ဆိုင်နေရသည့် မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာ ဆိုးရွားသည့် ညှင်းပန်းနှိပ်စက်မှုများဖြင့် ရိုဟင်ဂျာများ အပေါ် တစ်ဆင့်နိမ့် လူသားများ သဖွယ် နှိမ်ချဆက်ဆံခဲ့ခြင်း၏ အကျိုးဆက် အဖြစ် ယခုကဲ့သို့ လူမျိုးရေးမုန်းတီးမှု အပေါ် အခြေခံသည့် ညှင်းပန်းနှိပ်စက်မှုများ ကို စစ်သား မဟုတ်သည့် အရပ်ဘက် ဝန်ထမ်းများကပါ ပြုမူကျူးလွန်လာခြင်း ဖြစ်နိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ဦးရိုနေဆန်းလွင်က မှတ်ချက်ပြုသည်။

“စစ်တပ်က ရိုဟင်ဂျာတွေကို တဆင့်နိမ့်လူသားတွေလို ဆက်ဆံနေတာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီ။ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုရင် မယုံချင်ကြဘူး။ တကယ်တမ်း ကိုယ်တွေ့ကြုံဖူးမှသာ စစ်သားတွေက ဘယ်လောက်တောင် လူစိတ်မဲ့နေသလဲဆိုတာ သိကြတယ်။ အခု သင်တန်းကျောင်းလို နေရာမျိုးမှာ စစ်သားတွေတော့ မရှိလောက်ဘူး။ ဒီလိုသင်တန်းကျောင်းမှာ သာမာန်လူတွေက လူမဆန်မှုလုပ်လာတယ်ဆိုရင် လူမျိုးစုတစ်စုအပေါ် မုန်းတီးမှုကြောင့် တိရစ္ဆာန်ထက်တောင် ဆိုးသွားသလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဒီလူတွေကို ပြောချင်တာတစ်ခုပဲရှိပါတယ်။ ဒီအမျိုးသမီးတွေ နေရာမှာ ကိုယ့်အမေ၊ နှမ၊ ဇနီးဆိုရင် ဘယ်လိုခံစားရမလဲ စဥ်းစားကြည့်ဖို့ပါ။ ကျွန်တော်တို့အတွက် ကြားရတဲ့သတင်းဆိုးတွေက အံ့သြစရာတွေမဟုတ်တော့ဘူး။ ဒီလိုသတင်းမျိုးတွေ ကြားနေရတာ ဆယ်စုနှစ် ၅ ခုနားကပ်နေပြီ။ အခုကြားရတဲ့သတင်းကတော့ အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါတယ်”ဟု ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဖြစ်သည့် ၄င်းက မှတ်ချက်ပြုသည်။

အဆိုပါကျောင်းတွင် ရိုဟင်ဂျာအမျိုးသမီးငယ်များအား ဖိနှိပ်မှုများ လုပ်ဆောင်နေမှုအပေါ် အသံမှတ်တမ်းနှင့် လူသက်သေအချို့ကို CJ Platform မှ ရရှိထားသော်လည်း ကျောင်းအတွင်းရှိ သတင်းအရင်းအမြစ်များ လုံခြုံရေးအတွက် သီးသန့်သိမ်းဆည်းထားခဲ့ပြီး သတင်းတွင် အချို့သော အချက်အလက်များအား ချန်လှပ်ဖော်ပြထားသည်။

ဓာတ်ပုံ -လူကယ်ပြန်
ပုံစာညွှန်း- ရိုဟင်ဂျာအမျိုးသမီးငယ်များအား ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် ကျောင်းအတွင်း မြင်ကွင်းများ ပုံအဟောင်း

#CjPlatform #ရိုဟင်ဂျာ #လူငယ်သင်တန်းကျောင်း #တွံတေး