အမရပူရမြို့ အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေး မင်းကုသိုလ်ဘုရား မုဒ်၀မှ ဆင်ရုပ်ပျက်စီး၊ စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်သည့် ငလျင်ငယ် ငါးကြိမ်အထိရှိလာ

Author လင်းခိုင်
Categories
Published on Dec 16, 2022

အမရပူရမြို့၊ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးမြို့ ၈၆လမ်း၊ ၂၇-၂၈လမ်းကြား၊ ပုဂံမင်းကုသိုလ်တော်ဘုရားရှိ တောင်ဖက်မုဒ်၀မှ ဆင်ကြီးနှစ်ကောင်အနက် တစ်ကောင် ပျက်စီးခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၂နာရီ ၊ ၂၈ မိနစ်၊ ၃၁ စက္ကန့်အချိန်တွင် အမရပူရမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ၊ အနက် ၉ မီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ လှုပ်ခတ်မှုသည်လည်း ငါးကြိမ်အထိရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်လျက်ရှိသည်။

“ခုဏလှုပ်တဲ့ငလျင်ကြောင့် ပုဂံမင်းကုသိုလ်တော်ဘုရား ဆင်ကြီးနှစ်ကောင်ထဲက တောင်ဖက်ဆင်ကြီး မေးရိုးတော်ပြုတ်ကျပျက်စီးသွားတယ်။ လှုပ်တာက စက္ကန့်ပိုင်းလေးကို သိသိသာသာခံစားလိုက်ရတယ်။” ဟု မန္တလေးမြို့ခံ တစ်ဦးက CJ Platform သို့ပြောသည်။

ထို့ပြင် ယနေ့ နေ့လယ် ၁ နာရီ ၂၉ မိနစ်၊ ၁၃ စက္ကန့်တွင်လည်း မြစ်ငယ်မြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ အနက် ၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၃ဒသမ၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။

အဆိုပါ လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ဒီဇင်ဘာ ၁၅ ရက် နံနက် ၃နာရီခွဲခန့်က တံတားဦးမြို့အနီး ဗဟိုပြုလုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၅ဒသမ၂ အဆင့်ရှိ ငလျင်လောက်ပြင်းထန်မှုမရှိကြောင်း လည်း မန္တလေးဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

“မနေ့က နံနက်က လှုပ်တာက အတော်ပြင်းတယ်။အခုကတော့ အရမ်းမပြင်းပေမယ့် ပုလင်းတွေ၊ ပစ္စည်းတွေ ဘေးတိုက်လှုပ်သွားတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် ငလျင် ငါးကြိမ်လုံးသည် အင်အားအနည်းငယ်နှင့် အင်အားအသင့်အတင့်သာရှိသော်လည် လှုပ်ခတ်သည့် ငလျင်၏ အနက်သည် ဇောက်တိမ်သည့်အတွက် ငလျင်ဒဏ်ကို သိသိသာသာခံစားရသည့်အပြင် ပျက်စီးမှုများပါဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်နံနက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးတိုင်းပြည်ကြီးတံခွန်မြိုကနယ်ရှိ ခန္တောတိုက်၊ မဏိရတာကျောင်း၀န်းအတွင်းရှိ ပတ္တမြားစေတီ စိန်းဖူးတော်မြေခခြင်း၊ မူလမဏိရတနာကျောင်းတော်ကြီး မျက်နှာကျက်ပြိုကျခြင်း၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီတော် စိန်ဖူးတော်၊ ငှက်မြက်နားတော်များ မြေခခြင်း၊ မင်းကွန်းဘုရားရှိ ခြင်္သေ့လက်မောင်းကွဲအက်ခြင်းနှင့် လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုသည် ငလျင်ကြီးအတွက် ရှေ့ပြေးငလျင်များဖြစ်နိုင်သောကြောင့် ငလျင်ကြီးအန္တရာယ်ကို သတိပြုရန် ငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောကြားထားသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ကာ မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေကာ ယင်းပြတ်ရွေ့တစ်လျှောက်တွင် မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် ရန်ကုန်စသည့် မြို့ကြီးများ တည်ရှိနေကာ ရစ်ခ်ျတာစကေး ၇ အထိ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် နှစ်ပေါင်း ၉၀ ကျော်ရှိပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ပြန်လည် လှုပ်ခတ်နိုင်မှုကိုလည်း သတိထားရမည်ဖြစ်သည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။